လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မျက်မြင်သက်သေ၊ စီစီတီဗွီ မှတ်တမ်း စသည့် ခိုင်မာသော သတင်းအချက်အလက်များ ပေးနိုင်သည့် မည်သူ့ကိုမဆို ဘတ်ငွေ ငါးသိန်း ချီးမြှင့်မည်ဟု အမည်မဖော်လိုသူ တစ်ဦးက ကမ်းလှမ်းဟု ထိုင်းသတင်းစာ တစ်စောင်တွင် ဖော်ပြ

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မျက်မြင်သက်သေ၊ စီစီတီဗွီ မှတ်တမ်း စသည့် ခိုင်မာသော သတင်းအချက်အလက်များ ပေးနိုင်သည့် မည်သူ့ကိုမဆို ဘတ်ငွေ ငါးသိန်း ချီးမြှင့်မည်ဟု အမည်မဖော်လိုသူ တစ်ဦးက ကမ်းလှမ်းဟု ထိုင်းသတင်းစာ တစ်စောင်တွင် ဖော်ပြ
Published 28 June 2018

၂၀၁၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ မျက်မြင်သက်သေ၊ စီစီတီဗွီမှတ်တမ်း စသည့် ခိုင်မာသည့် သတင်းအချက်အလက်များ ပေးနိုင်သည့် မည်သူ့ကိုမဆို ဘတ်ငွေ ငါးသိန်း ဆုချီးမြှင့်မည်ဟု အမည်မဖော်လိုသူ တစ်ဦးက ကမ်းလှမ်းခဲ့ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် သတင်းစာတစ်စောင်ဖြစ်သည့် စမွီတိုင်းမ်သတင်းစာက ဇွန် ၂၇ ရက်က ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဆုကြေးငွေအဖြစ် ဘတ်ငါးသိန်းပေးရန် ကမ်းလှမ်းခဲ့သည့် အမည်မဖော်လိုသူက ၎င်းအနေဖြင့် အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက သက်သေများ ရှာဖွေခဲ့ပြီး မျက်မြင်သက်သေများ၊ စီစီတီဗွီ မှတ်တမ်းအပါအဝင် ခိုင်မာသည့် သက်သေများ ထွက်ပေါ်လာခြင်း မရှိ၍ အမှုဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ မရှိသည့် လက္ခဏာဖြစ်နေရာ ခိုင်မာသည့်သက်သေ ရရှိထားသူ မည်သူမဆို ထုတ်ဖော် ဖွင့်ဟပါက ဆုကြေးငွေ ပေးအပ်မည်ဟု ကမ်းလှမ်းခဲ့ကြောင်း စမွီတိုင်းမ်သတင်းစာက ရေးသားသည်။

“ကျွန်တော့်အမြင် ပြောရရင် မျက်မြင်သက်သေတွေက ထုတ်ဖော်ပြောကြားဖို့အတွက် ကြောက်ရွံ့ပြီး ကျွန်းကနေ အဝေးကို ထွက်သွားပြီးလောက်ပါပြီ။ အခုအချိန်အခါမှာတော့ အဲဒီဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ သူတွေ ဒါမှမဟုတ် သူတို့ရဲ့ စိတ်သဘောထားကို ပြောင်းလဲချင်တဲ့ သူအနေနဲ့ အရှေ့ကို ထွက်လာဖို့အတွက် အရမ်းကို နောက်ကျသွားပါပြီ။ ကျွန်တော်ကတော့ ဒီအခြေအနေမှာ ခိုင်မာတဲ့ သက်သေကို ထုတ်ဖော်ဖွင့်ဟဖို့ ပြင်ဆင်လာမယ့် ဘယ်သူမဆို ပျော်ပျော်ရွှင်ရွှင်နဲ့ ဘတ် ငါးသိန်းကို ပေးအပ်သွားမှာပါ”ဟု အဆိုပါ ကမ်းလှမ်းသူက စမွီတိုင်းမ်သတင်းစာကို ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လိပ်ကျွန်း လူသတ်မှုတွင် တရားခံများအဖြစ် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာလုပ်သားနှစ်ဦးမှာ ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံးတွင် သေဒဏ်အမိန့်ကို အယူခံ တက်ရောက်ထားဆဲ ဖြစ်ပြီး သက်သေ တစ်စုံတစ်ရာ ထွက်ပေါ်လာပါက ၎င်းတို့အတွက် ကောင်းမွန်သည့် အခြေအနေတစ်ခု ဖြစ်ပြီး ထိုသို့ ခိုင်မာသည့် သက်သေကို ဆုကြေးငွေ ဘတ် ငါးသိန်းအထိ ပေးရန် ကမ်းလှမ်းထားသည့်အတွက် ဝမ်းသာကြောင်း ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။

“အစကတည်းက ကိုယ်တို့တွေက အဲဒီဖြစ်စဉ်ကို သိတဲ့သူတွေ ကျွန်းပေါ်မှာ ရှိတယ်ဆိုတာ ယုံကြည်တယ်။ ထိုင်းပဲ ဖြစ်ဖြစ် မြန်မာပဲ ဖြစ်ဖြစ်ပေါ့။ တိကျတဲ့ သက်သေ အထောက်အထား တစ်စုံတစ်ရာ ရှိမယ်ဆိုရင် အခု သေဒဏ်ကျနေရတဲ့ ကလေးတွေအတွက် အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်တယ်။ အခု စမွီတိုင်းမ်သတင်းစာမှာ တွေ့တဲ့ သတင်းအရဆိုရင် ဘာပဲဖြစ်ဖြစ် ဝမ်းသာပါတယ်။ အရင်က ကျွန်တော်တို့လည်း ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ အခု ဆုပေးမယ်ဆိုပြီး ကြေညာထားတဲ့သူက အမည်မဖော်တဲ့သူ တစ်ဦးပေါ့။ အစကတည်းက ဒီအမှုနဲ့ပတ်သက်ပြီး ကူညီနေတဲ့သူတွေ အများကြီးရှိပါတယ်။ နိုင်ငံခြားသားတွေရော၊ ထိုင်းနိုင်ငံသားတွေရောကပါ ဒီလူသတ်မှုမှာ ဝင်းနဲ့ ဇော် မကျူးလွန်ဘူးဆိုတာကို ယုံကြည်တဲ့သူတွေ ရှိပါတယ်။ အခုဆုကြေး ကြေညာတဲ့သူကလည်း အရင်ကတည်းက ဒီအမှုမှာ ကူညီပေးနေတဲ့သူ ဖြစ်နိုင်သလို အခုမှ ကူညီချင်တဲ့သူလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သက်သေတစ်ခုခု ရခဲ့မယ်ဆိုရင် ဝင်းနဲ့ဇော်တို့အတွက် ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်လာမှာပါ” ဟု ၎င်းက ပြောကြားသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် ဗြိတိန်စုံတွဲ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ဇော်လင်း နှင့် ဝင်းဇော်ထွန်း တို့ကို ကော့စမွီခရိုင် တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာက သေဒဏ် ချမှတ်ခဲ့သည်။

Most Read

Most Recent