တာမွေတွင် စစ်ပွဲရပ် ဆန္ဒထုတ်ဖော်မှု ပြုလုပ်သူများနှင့် တန်ပြန် ဆန္ဒထုတ်ဖော်သူများကို တာဝန်ရှိသူများက ကြိုတင်တွေ့ဆုံ ညှိနှိုင်းခြင်း၊ တားဆီးခြင်းများ မပြုလုပ်ခဲ့သဖြင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားခဲ့ကြောင်း လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်

တာမွေတွင် စစ်ပွဲရပ် ဆန္ဒထုတ်ဖော်မှု ပြုလုပ်သူများနှင့် တန်ပြန် ဆန္ဒထုတ်ဖော်သူများကို တာဝန်ရှိသူများက ကြိုတင်တွေ့ဆုံ ညှိနှိုင်းခြင်း၊ တားဆီးခြင်းများ မပြုလုပ်ခဲ့သဖြင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားခဲ့ကြောင်း လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်
Published 28 June 2018

တာမွေတွင် စစ်ပွဲရပ် ဆန္ဒထုတ်ဖော်သူများနှင့် တန်ပြန်ဆန္ဒပြသူများကို တာဝန်ရှိသူများက ကြိုတင်တွေဆုံ ညှိနှိုင်းခြင်း၊ တားဆီးခြင်းများ မရှိသဖြင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဇွန် ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။

လူ့အခွင့်အရေးကော်မရှင်က စုံစမ်းမေးမြန်းချက်များအရ စစ်ပွဲရပ် ဆန္ဒထုတ်ဖော်သူများသည် ငြိမ်းစုစီ ဥပဒေနှင့်အညီ တာဝန်ရှိသူများကို အသိပေးခဲ့သော်လည်း တာဝန်ရှိသူများအနေဖြင့် ဒေသန္တရ အမိန့်အရ ခွင့်ပြုနိုင်ခြင်း မရှိပါက မည်သည့်အတွက် ခွင့်မပြုနိုင်ကြောင်းကို ကြိုတင်တွေ့ဆုံ ညှိနှိုင်းခြင်း၊ ရှင်းလင်း အသိပေးခြင်း၊ နှစ်ဦးနှစ်ဖက် နားလည်မှုရယူခြင်းများကို ဆောင်ရွက်ခြင်း မပြုခဲ့သည်ကို တွေ့ရရှိရသည့်အပြင် ငြိမ်းစုစီ ဥပဒေနှင့်အညီ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ တန်ပြန်ဆန္ဒပြမည့် ဆန့်ကျင်ဘက် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကိုလည်း ထိုသို့ပြုလုပ်မည်ကို သတင်းရရှိပါလျက် တာဝန်ရှိသူများက ကြိုတင်ဆွေးနွေး ညှိနှိုင်းတားဆီးခြင်း မပြုခဲ့ခြင်းကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါဖြစ်စဉ်မှ ခွင့်ပြုချက်မရဘဲ စစ်ပွဲများရပ် ဆန္ဒထုတ်ဖော်သူများကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ ဖြင့် အမှုဖွင့် အရေးယူထားသကဲ့သို့ တရားဝင် တာဝန်ပေးအပ်ခြင်း မရှိဘဲ တန်ပြန် ဆန္ဒပြသူများကို အရပ်ဝတ်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့သူများအနက် ရှစ်ဦးကို မေ ၂၈ ရက်တွင် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့သောကြောင့် စုံစမ်းစစ်ဆေးလျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ သတင်းရယူသည့် သတင်းမီဒီယာသမားများ အနေဖြင့်လည်း သတင်းမီဒီယာသမားအဖြစ် သိသာ ထင်ရှားစေသော အမှတ်အသားများကို အသုံးပြု၍ သတင်းရယူသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် မေ ၁၂ ရက် ညနေပိုင်းက တာမွေအဝိုင်းရှိ အိုးရှင်းစင်တာရှေ့တွင် စစ်ပွဲများ ရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်သူများကို ရဲတပ်ဖွဲ့က တားဆီးရာတွင် အရပ်ဝတ်အချို့က ဆန္ဒထုတ်ဖော်သူများကို ချုပ်နှောင် ဖမ်းဆီးပေးခြင်း၊ သတင်းရယူနေသော မီဒီယာသမားများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent