<

ရန်ကုန်မြစ်အတွင်း သမ္ဗန်တစ်စင်း တိမ်းမှောက်ပြီးနောက် စီးနင်းသူများ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် ရေကြောင်းရဲတပ်ဖွဲ့မှ လက်ကမ်း ကြော်ငြာစာများ ဖြန့်ဝေ

ရေကြောင်းရဲတပ်ဖွဲ့က လက်ကမ်းကြော်ငြာများ ဖြန့်ဝေနေစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်မြစ်အတွင်း သမ္ဗန်စီးနင်းသူများ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် ရေကြောင်းရဲတပ်ဖွဲ့မှ ဇွန် ၂၇ ရက်တွင် လက်ကမ်း ကြော်ငြာများ ဖြန့်ဝေခဲ့သည်။

ရေကြောင်းရဲတပ်ဖွဲ့မှ ရဲတာဝန်ရှိသူများမှ ဇွန် ၂၇ ရက် ညနေ ၃ နာရီကျော်မှ စတင်ကာ ရန်ကုန်မြစ် တစ်လျှောက်ရှိ ဒလဘက်သို့ ကူးမည့် ဗိုလ်တထောင် သမ္ဗန်ဆိပ်ကမ်း၊ ပန်းဆိုးတန်း သမ္ဗန်ဆိပ်ကမ်း၊ စဥ့်အိုးတန်း သမ္ဗန်ဆိပ်ကမ်းနှင့် ၀ါးတန်း သမ္ဗန်ဆိပ်ကမ်းများရှိ ခရီးသည်များထံသို့ လက်ကမ်းကြော်ငြာများ လိုက်လံဝေငှခဲ့သည်။

“လှေစီးတဲ့ ခရီးသည်တွေ အသက်အန္တရာယ်နဲ့ မကြုံတွေ့ရအောင် ရေကြောင်း ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အချက် ငါးချက်ပါတဲ့ အသိပညာပေး စာရွက်လေးတွေ ဖြန့်ဝေတာပါ။ ပြီးတော့ အဲဒီထဲမှာ ရေကြောင်းအတွင်း အန္တရာယ် တစ်စုံတစ်ခု ဖြစ်ပေါ်ရင် ရေကြောင်းရဲတပ်ဖွဲ့ကို ဆက်သွယ်ဖို့ ဖုန်းနံပါတ်ပါတဲ့ လိပ်စာကတ်လေးပါ ထည့်ပေးထားပါတယ်။ အချက် ငါးချက်ထဲမှာ သမ္ဗန်မောင်းသူတွေ သောက်စားမူးယစ်နေရင် ခရီးသည်တွေက တိုင်ကြားဖို့လည်း ပါဝင်ပါတယ်။ ပြီးတော့ ခရီးသည်တွေအနေနဲ့ လှေပေါ် အတက်အဆင်း ဂရုစိုက်ဖို့နဲ့ အသက်ကယ်အကျီ ၀တ်ဆင်ဖို့လည်း ပါရှိပါတယ်။ နောက်တစ်ချက်က ရာသီဥတု ဆိုးတဲ့အချိန်နဲ့ လှိုင်းကြီးချိန်တွေမှာ သွားလာဖို့ကို အလျင်မလိုစေချင်ပါဘူး။ ရာသီဥတု ကောင်းတဲ့အထိ စောင့်စေချင်ပါတယ်။နောက်ဆုံးအချက်ကတော့ ရေယာဉ်အချင်းချင်း တိုက်မိနိုင်ရင် မောင်းတဲ့သူကို သတိပေးဖို့နဲ့ အခြားရေယာဉ်တစ်စီး အန္တရာယ်ကြုံတွေ့တာကို မြင်ရင် ရေကြောင်းရဲတပ်ဖွဲ့ကို ဖုန်းဆက် သတင်းပေးစေလိုပါတယ်” ဟု ရေကြောင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇွန် ၁၃ ရက် ညပိုင်းက ဆိပ်ကမ်းမြို့နယ် စဥ့်အိုးတန်းဆိပ်ကမ်းမှ ဒလမြို့နယ်သို့ သွားသည့် သမ္ဗန်တစ်စင်း တိမ်းမှောက်ခဲ့ပြီး လေးဦး ပျောက်ဆုံးခဲ့သည်။ နှစ်ရက်အကြာတွင် အမျိုးသမီးတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့သည်။

June 28, 2018














Copy Protected by Chetan's WP-Copyprotect.