ရန်ကုန်မြို့လယ်တွင် ညသန်းခေါင်ယံအချိန် ပါဝါအိတ်ဇောတပ် ပြိုင်ကားများ Drift ဆွဲ မောင်းနှင်ခြင်းကို အရေးယူမည်ဟုဆို

ရန်ကုန်မြို့လယ်တွင် ညသန်းခေါင်ယံအချိန် ပါဝါအိတ်ဇောတပ် ပြိုင်ကားများ Drift ဆွဲ မောင်းနှင်ခြင်းကို အရေးယူမည်ဟုဆို
Published 28 June 2018

ညသန်းခေါင်ယံအချိန်တွင် ရန်ကုန်မြို့အတွင်းရှိ လမ်းမများပေါ်၌ ပါဝါအိတ်ဇောတပ် ပြိုင်ကားများ Drift ဆွဲ မောင်းနှင်ခြင်းအား အရေးယူသွားမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) ဒုတိယရဲမှူးကြီး သိန်းဦးက ဇွန်၂၇ ရက်တွင် ပြောကြားသည်။

ဆူးလေဘုရား၏ ဘေးပတ်လမ်း၊ ဦးဝိစာရ အဝိုင်းပတ်လမ်းနှင့် ဆူးလေရှန်ဂရီလာ အနီးတို့တွင် ပြိုင်ကားများ Drift ဆွဲ မောင်းနှင်သည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက် ဖေ့ဘွတ်တွင် ပျံ့နှံ့ခဲ့ပြီး ဖေ့ဘွတ်သုံးစွဲသူများက ဝေဖန်ခဲ့ကြသည်။

အဆိုပါ Drift ဆွဲ မောင်းနှင်ခြင်းများကို မည်ကဲ့သို့ ဆောင်ရွက်မည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး သိန်းဦးအား မေးမြန်းရာ ၎င်းက “ဒီဟာတွေကို စုံစမ်းပြီး ဖမ်းမယ်။ ဒီနေရာတွေမှာ ကျွန်တော်တို့ တာဝန်ချထားပြီး ဖမ်းသွားမယ်။ ဗီဒီယိုဖိုင်ထဲမှာ ကားနံပါတ်ပေါ်ရင်လည်း အရေးယူသွားမယ်။ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ တာဝန်ရှိတဲ့အတိုင်း လုပ်သွားမယ်” ဟု ပြောကြားသည်။

ယင်းအပြင် ဟံသာဝတီအဝိုင်းတွင် ညသန်းခေါင်ယံအချိန်တွင် ပါဝါအိတ်ဇောတပ် ပြိုင်ကားများ ဆူညံစွာ မောင်းခြင်း၊ ယှဉ်ပြိုင် မောင်းနှင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

“ညဘက် အိပ်နေတုန်း “ဗျင်း ဗျင်း”ဆိုတဲ့ အသံတွေ တစ်ပတ် နှစ်ခါလောက် ကြားရတယ်။ Drift ဆွဲတာတွေ၊ ပြိုင်မောင်းတာတွေလည်း တွေ့ဖူးတယ်။ ကျွန်တော်တို့က တစ်နေကုန် အလုပ်လုပ်ပြီး ညဘက် အိမ်မှာ အနားယူနေတဲ့အချိန် ဒီလိုမျိုးတွေလုပ်တာ စိတ်အနှောင့်အယှက် ဖြစ်တယ်” ဟု ဟံသာဝတီအဝိုင်းအနီး နေထိုင်သော အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ပါဝါအိတ်ဇောတပ် မောင်းနှင်သည့် ကားများကို ၁၉၈၉ ခုနှစ် မော်တော်ယာဉ် ဥပဒေအရ အရေးယူနိုင်ပြီး၊ က.ည.န က အဆိုပါယာဉ်၏ မှတ်ပုံတင် သက်တမ်းကို ရပ်စဲခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်ကြောင်း သိရသည်။

“၁၉၈၉ ခုနှစ် မော်တော်ယာဉ် ဥပဒေ ၄၆ (ခ) အရ အရေးယူနိုင်တယ်။ ၄၆ (ခ) က အသံကို ထိန်းချုပ်နိုင်တဲ့ အိတ်ဇော်စလင်ဒါ မပါဘဲ မောင်းနှင်ခြင်းပေါ့။ အဲဒီလို မောင်းမယ်ဆိုရင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့်အရ ဒီကားရဲ့ မှတ်ပုံတင် သက်တမ်းတင်ခြင်းကို ရပ်စဲနိုင်တယ်။ ပယ်ဖျက်နိုင်တယ်။ အဲဒီလိုလုပ်လိုက်ရင် အဲဒီကားက အများပြည်သူ လမ်းပေါ်ထွက်လို့ မရတော့ဘူးပေါ့”ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent