ICRC ဥက္ကဋ္ဌ Peter Maurer မောင်တောမြို့နယ်မြောက်ပိုင်းရှိ ငါးခူရကျေးရွာသို့ သွားရောက်ပြီး ရခိုင်၊ ဟိန္ဒူ၊ ဘင်္ဂါလီတို့နှင့် တွေ့ဆုံခဲ့

ICRC ဥက္ကဋ္ဌ Peter Maurer မောင်တောမြို့နယ်မြောက်ပိုင်းရှိ ငါးခူရကျေးရွာသို့ သွားရောက်ပြီး ရခိုင်၊ ဟိန္ဒူ၊ ဘင်္ဂါလီတို့နှင့် တွေ့ဆုံခဲ့
Published 28 June 2018

မောင်တောမြို့နယ် ငါးခူရကျေးရွာရှီ ရခိုင်၊ ဟိန္ဒူ၊ ဘင်္ဂါလီကျေးရွာသားများနှင့် ICRC ဥက္ကဋ္ဌ တွေ့ဆုံစဉ်

ICRC ဥက္ကဋ္ဌ Peter Maurer သည် ၎င်း၏ ပထမဆုံးအကြိမ်အဖြစ် မောင်တောခရီးစဉ်တွင် မြို့နယ်မြောက်ပိုင်း ငါးခူရကျေးရွာသို့ သွားရောက်ပြီး ရခိုင်၊ ဟိန္ဒူ၊ ဘင်္ဂါလီတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌဖြစ်သူ Peter Maurer နှင့်အဖွဲ့သည် ဇွန် ၂၇ ရက် နံနက်က မောင်တောမြို့နယ်မြောက်ပိုင်း ငါးခူရကျေးရွာသို့ သွားရောက်ပြီး ကျေးရွာတွင် နေထိုင်လျက်ရှိသည့် ရခိုင်၊ ဟိန္ဒူ၊ ဘင်္ဂါလီများအား စားနပ်ရိက္ခာ၊ မျိုးစပါးနှင့် ဓာတ်မြေသြဇာဖြန့်ဝေမှု အခြေအနေများကို ကြည့်ရှုပြီး ရခိုင်၊ ဟိန္ဒူ၊ ဘင်္ဂါလီများ၏ လိုအပ်ချက်များကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ကို ဘယ်လိုနေထိုင်ကြလဲ၊ ရွာမှာ ဘာလိုအပ်ချက်တွေရှိလဲဆိုတာတွေ မေးမြန်းပါတယ်” ဟု ငါးခူရကျေးရွာသား တစ်ဦးက ပြောကြားသည်။

ယင်းနောက် မွန်းလွဲ ၁ နာရီတွင် မောင်တောခရိုင် ထွေအုပ်ဧည့်ခန်းမ၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် တွေ့ဆုံပြီး ICRC လုပ်ငန်း အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မောင်တောမြို့မှ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

ICRC ဥက္ကဋ္ဌ Peter Maurer သည် ဇွန် ၂၆ ရက်က စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ်ဖြင့် ရောက်ရှိလာပြီး မွန်းလွဲပိုင်းတွင် ဘူးသီးတောင်မြို့နယ် ငကျဉ်တောက်ကျေးရွာအုပ်စု၌ တည်ရှိသည့် ကြက်ခြေနီလှုပ်ရှားမှု၏ ရွေ့လျားဆေးပေးခန်းတွင် လာရောက်ဆေးကုသမှုခံယူသူ ၇၀ အနက် လူနာအချို့နှင့် တွေ့ဆုံစကားပြောခဲ့ကြောင်းနှင့် ညနေပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ဥက္ကဋ္ဌ Peter Maurer သည် ရခိုင်ပြည်နယ်သို့ ဇွန် ၂၆ ရက်က ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီများကို တိုးမြှင့်လုပ်ဆောင်ရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်ခရီးစဉ်တွင် သုံးရက်တာ ကြာမြင့်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Peter Maurer သည် ဇွန်လကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဇွန် ၂၁ ရက်က ပြုလုပ်သော “အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) အကြောင်း ရှင်းလင်း ပြောကြားခြင်း အခမ်းအနား” မှ သိရသည်။

ICRC အနေဖြင့် ရခိုင်ပြည်နယ်တွင် အကူအညီပေးနေသည့် ရွေ့လျားဆေးပေးခန်းများ၌ လူနာများကို မည်သို့ အကူအညီပေးနေကြောင်း၊ အစားအစာများကို မည်သို့ပေးဝေနေကြောင်း အစရှိသည်တို့ကို ဥက္ကဋ္ဌက ကိုယ်တိုင်သွားရောက် လေ့လာမည်ဖြစ်ကြောင်း ICRC ၏ Public Relations Officers Mrs. Corinne Ambler က ပြောကြားသည်။

“ရခိုင်ပြည်နယ်ကိုသွားမယ်။ ICRC က အကူအညီ ပေးနေတယ်ပေါ့။ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်တဲ့ ရွေ့လျားဆေးပေးခန်းမှာ အဓိက,က လာတဲ့လူနာတွေကို ဘယ်လိုအကူအညီပေးနေတာ သွားကြည့်ချင်တယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမှာနေရတဲ့သူတွေကို အစားအစာတွေ ပေးဝေနေတာကို သွားကြည့်ချင်တယ်။ မြေပြင်မှာ ဘယ်လိုဖြစ်နေတယ်ဆိုတာကို သူကိုယ်တိုင် သွားကြည့်ချင်တယ်” ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent