ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာတွင် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိသော်လည်း ထိမ်ချန်မှုရှိသည်ဟုဆိုကာ ရွာသားများ သတင်းစာ ရှင်းလင်း

ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာတွင် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိသော်လည်း ထိမ်ချန်မှုရှိသည်ဟုဆိုကာ ရွာသားများ သတင်းစာ ရှင်းလင်း
Published 28 June 2018

ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာတွင် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိသော်လည်း ထိမ်ချန်ခြင်း၊ တရားစွဲခံထားရသူများကို အာမခံပေးလိုက်သည်ဟုဆိုကာ ရွာသားများက ဇွန် ၂၇ ရက်တွင် မြိတ်မြို့၌ သတင်းစာရှင်းလင်းပွဲ လာရောက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု၊ ရေကန်တောင်ရွာတွင် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိ သိမ်းဆည်းမိခဲ့သော်လည်း (က) သက်သေခံပစ္စည်းများ ထိမ်ချန်ခြင်း၊ (ခ) မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးမိသူအား သက်ဆိုင်ရာသို့ အပ်နှံခြင်းမရှိဘဲ ထိန်ချန်ခြင်း (ဂ) ကျွန်းစုမြို့နယ် တရားရုံး၏ပုဒ်မ-၁၈ (က)(ဂ) ဖြင့် တရားစွဲဆိုခံထားရသူများကို အာမခံပေးလိုက်ခြင်း ကိစ္စရပ်များအတွက် မကျေနပ်သည့်အတွက် ရေကန်တောင်ကျေးရွာသားများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

“ဦးထွန်းရှိန်အိမ်မှာ မူးယစ်ဆေးဝါးဖမ်းခဲ့တဲ့ အုပ်ချုပ်ရေးမှူး ဦးမြင့်အေးနှင့် ဦးလှဝင်းတို့က တရားခံဦးထွန်းရှိန်ကို လွှတ်ပေးခဲ့ပြီး သူ့သားဖြစ်တဲ့ ဖြိုးကိုဦးကို အပ်နှံခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေးက ဒီလိုသာ မမှန်မကန် လုပ်နေမယ်ဆိုရင် ပုံရိပ်တွေက တော်တော်လေးကို ကျဆင်းသွားမှာပါခင်ဗျာ။ ၆.၆.၂၀၁၆ မှာ မူးယစ်ဆေးဝါး ဖမ်းဆီးတာ လုပ်ခဲ့တယ်။ အဖေကိုဖမ်းမိပြီးမှ သားကို ထောင်ချပစ်လိုက်တာ။ ဒါကိုမကျေနပ်လို့ ဒီအမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားသူကြီးရုံးအထိ အစိုးရကို တိုင်ကြားထားခြင်း ဖြစ်ပါတယ်။ ၂၁.၅.၂၀၁၈ ခုနှစ်မှာ တရားစွဲဆိုခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန်နဲ့ တရားရေးကို ဆောင်ရွက်ပေးပါလို့ ပြောချင်ပါတယ်။ ပြီးတော့ တရားရေးထက် ကျွန်တော်တို့ရွာက အုပ်ချုပ်ရေးမှူးက ပိုကြီးပါသလားခင်ဗျာ။ ဒါကိုသိချင်လို့ သတင်းစာ ရှင်းလင်းပွဲကို လုပ်ရခြင်းဖြစ်ပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးမြင့်အေးအား တရားစွဲဆိုထားသူ ရေကန်တောင်ကျေးရွာမှ ဦးစိန်မောင်က ပြောကြားသည်။ ရေကန်တောင်ကျေးရွာတွင် မူးယစ်ဆေးဝါးများ ဝင်ရောက်ဖမ်းဆီးစဉ်က အုပ်ချုပ်ရေးမှူး ဦးမြင့်အေး ဦးဆောင်သည့် အဖွဲ့မှာ ဦးထွန်းရှိန်ထံမှ စိတ်ကြွဆေးပြား ၅၀၉၃ ပြား၊ ဘိန်းစာမှုန့် ၃၆ ထုပ်၊ ငွေကျပ် ၁၄၉၀၀၀၀ နှင့် လက်ကိုင်ဖုန်း သုံးလုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဦးစိန်မောင် ဦးဆောင်သည့်အဖွဲ့မှာ ဖြိုးကိုဦးနေအိမ်မှ စိတ်ကြွဆေးပြားငါးပြားနှင့်အတူ ဖြိုးကိုဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးရမိသော တရားခံ၊ ငွေနှင့် သက်သေခံပစ္စည်းများကို သက်ဆိုင်ရာသို့ အပ်နှံခြင်းမရှိခဲ့ကြောင်း ရွာသားများက ဆိုသည်။

“မူးယစ်ဆေးဝါး ဝင်ရောက်ဖမ်းဆီးရာမှာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ၊ ရာအိမ်မှူးတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေပါတယ်။ သက်သေခံ ပစ္စည်းတွေအပြင် လူကိုလည်း ဖမ်းဆီးရမိတယ်။ လူပုဂ္ဂိုလ်နှစ်ဦး ဖမ်းဆီးရမိတဲ့အခါမှာ လဲလှယ်သွားတဲ့ကိစ္စရယ်၊ ငွေကြေး ၁၄ သိန်း ၉ သောင်းဆိုတဲ့ သက်သေခံပစ္စည်း ထိမ်ချန်မှုတွေကို ပြောချင်တာပါ။ ဖုန်းသုံးလုံးလည်း မပါဘူး။ ဘယ်လိုအဖွဲ့အစည်းက ဖမ်းသွားပါစေ။ ထိမ်ချန်မှုတွေက မြန်မာနိုင်ငံမှာ အရမ်းများနေပြီ။ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေကိုလည်း မစော်ကားချင်ဘူး။ ဒါပေမဲ့ ဒီအလုပ်တွေကို လုပ်နေတယ်။ ပွင့်လင်းမြင်သာမှုတွေလည်း မရှိဘူး။ အုပ်ချုပ်ရေးမှူးတွေကို လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်စေချင်တယ်” ဟု ဇော်ဇော်အောင် (ရေကန်တောင်ကျေးရွာ ဒေသခံ)က ပြောကြားသည်။

ကိုထွန်းရှိန်မှာ လက်ရှိအနေထားတွင် တရားရင်ဆိုင်နေရခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် သွားရောက် တိမ်းရှောင်နေကြောင်း ရွာသားများက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် အပါအဝင် ဌာနပေါင်း ရှစ်ခုကို အသနားခံ တိုင်ကြားခဲ့သော်လည်းဌာနတစ်ခုသာ အကြောင်းပြန်ကြားခဲ့ကြောင်း အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရသည်။

Most Read

Most Recent