အခြေခံပညာကျောင်းများတွင် ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ် စသည့်အားကစားနည်းများ လွယ်လင့်တကူကစားနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လုပ်ဆောင်မည်

အခြေခံပညာကျောင်းများတွင် ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ် စသည့်အားကစားနည်းများ လွယ်လင့်တကူကစားနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လုပ်ဆောင်မည်
Published 27 June 2018

အခြေခံပညာကျောင်းများတွင် ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘတ်စကတ်ဘော၊ စားပွဲတင် တင်းနစ်စသည့် အားကစားနည်းများကို ကျောင်းသား ကျောင်းသူများ လွယ်လင့်တကူကစားနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဇွန် ၂၃ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ပြုလုပ်ခဲ့သည့် ‘၂၀၁၇ ခုနှစ် အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနား’ တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ အားကစားကွင်း၊ အားကစားရုံတွေ၊ ခရိုင်မြို့နယ်နဲ့ ရပ်ကွက်တွေမှာရှိတဲ့ အားကစားကွင်း / ရုံတွေကိုပြင်ဆင်တာ၊ အသစ်ဆောက်လုပ်တာတွေကို လုပ်ဆောင်ပေးနေပါတယ်။ ဒါ့အပြင် အခြေခံပညာကျောင်းများမှာလည်း ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်စတဲ့ အားကစားနည်းတွေကို ကျောင်းသားကျောင်းသူတွေ လွယ်လင့်တကူ ကစားလာနိုင်ဖို့ကိုလည်း ဆောင်ရွက်ပေးသွားမှာပါ။ ဒီလို တစ်ပြေးညီဆောင်ရွက်သွားမှ တစ်တိုင်းပြည်လုံးမှာရှိတဲ့ ရွက်ပုန်းသီးအားကစားထူးချွန် လူငယ်မောင်မယ်တွေ ပိုမိုထွက်ပေါ်လာမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

လက်ရှိဝန်ကြီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ၏ အားကစားစွမ်းရည် တိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် အားကစားပညာဘွဲ့ရများ၊ အားကစားသိပ္ပံကျောင်းများမှ ထွက်ပေါ်လာသော လူငယ်မျိုးဆက်သစ်အားကစားသမားများနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားများကို ကာယဆရာများအဖြစ်ခန့်ထားနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများတွင် ကာယဆရာများကို လုံလုံလောက်လောက် ခန့်ထားနိုင် ရေးစီစဉ်နေပြီး နိုင်ငံတကာတွင် ကျန်းမာရေးနှင့် အားကစားတွဲဖက်၍ အောင်မြင်မှုရရှိနေသောနိုင်ငံများ၏ အားကစားမဟာဗျူဟာများကို လေ့လာ၍ မိမိနိုင်ငံနှင့် ကိုက်ညီမည့်အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တက္ကသိုလ်ပညာရေး၌ B.Sc (Sports) သင်တန်းကို ထည့်သွင်းထားရှိပြီး အားကစားကို သိပ္ပံနည်းကျလေ့ကျင့်ခြင်း၊ ပြိုင်ပွဲဝင်ခြင်း၊ နိုင်ငံတကာနည်းတူဖြစ်စေရန် ဆောင်ရွက်လျက်ရှိပြီး အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ခြောက်ကျောင်းကို ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် မကြာမီတွင် အခြေခံပညာကျောင်းများ၌ မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းကို လေ့ကျင့်သင်ကြားပေး၍ ကျောင်းသားများ၏ ကျန်းမာရေး နှင့် အားကစားတွင် စိတ်ပါဝင်စားမှု မြှင့်တင်နိုင်ရန်လည်းလည်း စီစဉ်ထားကြောင်း သိရသည်။

လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် သိပ္ပံဘွဲ့ (အားကစားပညာ) ရရှိသူများကို ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များတွင် နည်းပြ (အား/ကာ)အဖြစ် စတင်ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent