ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လက်အောက်ရှိ နေ့စားလပေး ရုံးဝန်ထမ်းများ အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ မရရှိသေးသဖြင့် တောင်းဆို

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လက်အောက်ရှိ နေ့စားလပေး ရုံးဝန်ထမ်းများ အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ မရရှိသေးသဖြင့် တောင်းဆို
Published 27 June 2018

ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ နေ့စားလပေး ရုံးဝန်ထမ်းများ အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ မရရှိသေးသဖြင့် ဇွန် ၂၆ ရက်က အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ဖြစ်မြောက်ရေး ဗဟိုလုပ်ငန်း ကော်မတီက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကာ တောင်းဆိုခဲ့ကြောင်း သိရသည်။

ထုတ်ပြန်ကြေညာချက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်အရ အနည်းဆုံး အခကြေးငွေကို ယခင်တစ်ရက်လျှင် ကျပ် ၃၆၀၀ နှုန်းထားမှ တစ်ရက်လျှင် ကျပ် ၄၈၀၀ နှုန်းထားသို့ တိုးမြှင့်ပေးခဲ့ကြောင်း၊ အဆိုပါ အမိန့်ကြော်ငြာစာ၏ ပုဒ်မ ၃ တွင် မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၆၀၀ နှုန်းဖြင့် အလုပ်ချိန် ရှစ်နာရီအတွက် ကျပ် ၄၈၀၀ ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သည်ဟု အတိအလင်း ရေးသားပါရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမိန့်ကြော်ငြာစာအရ ၂၀၁၈ ဧပြီမှ စတင်ကာ အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ ကို အခြေခံပြီး  အစိုးရ ဝန်ထမ်းများအား လစာတိုးမြှင့် ပေးခဲ့သော်လည်း ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ နေ့စားလပေးရုံးဝန်ထမ်း ၄,၀၂၂ ဦးမှာ ၂၀၁၃ အနည်းဆုံး အခကြေးငွေ ဥပဒေပုဒ်မ ၂၊ အပိုဒ်ခွဲ (က)(၂) အရ အထက်ပါ တိုးမြှင့်ခံစား ခွင့်ပြုလိုက်သော အနည်းဆုံး အခကြေးငွေကို ယနေ့အထိ ခံစားခွင့် မရရှိသေးကြောင်း ကြေညာချက်တွင် ပါရှိသည်။

ထို့ကြောင့် ရုံးဝန်ထမ်းများ အနေဖြင့် တစ်လလျှင် တစ်သိန်းပင်မပြည့်သော လုပ်ခလစာဖြင့် တာဝန်ထမ်းဆောင် နေခဲ့သည်မှာ နှစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ကုန်ဈေးနှုန်း မြင့်မားမှုအရ ယင်းလစာဖြင့် မိသားစု ရပ်တည်နေနိုင်ရန်မှာ မလွယ်ကူကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၃၊ ပုဒ်မခွဲ ၂ တွင် လူတိုင်းတွင် ခွဲခြားခြင်း မခံရစေဘဲ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်ဟု ရေးသားထားကြောင်း၊ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးမြှင့်ပေးလိုက်သော လုပ်ခလစာကို နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်းများအားလုံး ခံစားခွင့်ရှိနေပြီ ဖြစ်သော်လည်း အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိ နေ့စားလပေးရုံးဝန်ထမ်း ၄,၀၂၂ ဦးမှာမူ အခွင့်အရေးများ ချိုးဖောက်ခံနေရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ပညာရေး ဝန်ကြီးဌာန အနေဖြင့် အဆိုပါ နေ့စားလပေး ရုံးဝန်ထမ်းများအတွက် တရားမျှတစွာ ဆောင်ရွက်ပေးပြီး ၎င်းတို့ခံစားခွင့်ရှိသော အနည်းဆုံး အခကြေးငွေနှုန်းထားကို  အနည်းဆုံး အခကြေးငွေ ဥပဒေနှင့်အညီ ကျပ် ၄၈၀၀ နှုန်းထားဖြင့် ပြင်ဆင်သတ်မှတ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent