မန္တလေးမြို့ အမျိုးသားရေးသပိတ် ဦးဆောင်သံဃာခြောက်ပါး အာမခံလျှောက်ထားမှု ပယ်ချခံရပြီး ထွက်ပြေးတိမ်းရှောင်သူများအား တရားခံပြေးအဖြစ် ဝရမ်းထုတ်

မန္တလေးမြို့ အမျိုးသားရေးသပိတ် ဦးဆောင်သံဃာခြောက်ပါး အာမခံလျှောက်ထားမှု ပယ်ချခံရပြီး ထွက်ပြေးတိမ်းရှောင်သူများအား တရားခံပြေးအဖြစ် ဝရမ်းထုတ်
Published 24 August 2017

မန္တလေးမြို့ အမျိုးသားရေးသပိတ် ဦးဆောင်သံဃာ ခြောက်ပါးအား သြဂုတ် ၂၃ ရက် နံနက်က ချမ်းမြသာစည် တရားရုံး၌ ရုံးထုတ်စဉ်

သြဂုတ် ၂၃ ရက် နံနက် ၁၀ နာရီခွဲက ချမ်းမြသာစည်တရားရုံး၊ မန္တလေးမြို့ အမျိုးသားရေးသပိတ် ပါဝင်သူများ၏ ဒုတိယအကြိမ်မြောက် ရုံးချိန်းတွင် ဦးဆောင်သံဃာခြောက်ပါး၏ အာမခံလျှောက်ထားမှုကို တရားသူကြီးက ပယ်ချခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူများအား တရားခံပြေးအဖြစ် တရားရုံးက ဝရမ်းထုတ်ပေးကာ အမှုအား စက်တင်ဘာ ၆ ရက်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။

“သံဃာတော်တွေက ဒီနေ့ရုံးချိန်းမှာ အာမခံ လျှောက်ပါတယ်။ သူတို့ကိုစွဲဆိုတဲ့ပုဒ်မက အာမခံပေးလို့ မရတဲ့အတွက် တရားသူကြီးက မပေးလိုက်ပါဘူး။ နောက်တစ်ခုက အာမခံလျှောက်လာပြီဆိုရင် တရားလိုရယ်၊ တရားခံရယ်ကို နှစ်ဖက်လျှောက်လဲချက် ကြားနာပြီးမှ သူတို့လျှောက်ထားချက်တွေအပေါ် ဥပဒေနဲ့ ချိန်ထိုးပြီး ဒီအမှုဟာ အာမခံပေးသင့်တယ်။ မပေးသင့်ဘူး ဆိုတာကို ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ထွက်ပြေး တိမ်းရှောင်နေတဲ့ သံဃာနှစ်ပါးနဲ့ လူပုဂ္ဂိုလ်လေးဦးကို အခုထိ ဖမ်းဆီးရမိခြင်း မရှိသေးတဲ့အတွက် ဒီနေ့ရဲကနေ ဝရမ်းအပ်ပြီး လာမယ့် သြဂုတ် ၃၀ ရက်မှာ တရားခံပြေးအဖြစ် သက်မှတ်တဲ့ ဝရမ်းထုတ်ပေးမှာ ဖြစ်ပါတယ်။ လက်ရှိ တရားရုံးရှေ့ ရောက်လာတဲ့ သံဃာခြောက်ပါးနဲ့ လူပုဂ္ဂိုလ်တစ်ဦးကိုတော့ ၆ ရက်နေ့ ရုံးချိန်းထားပြီး တရားလိုများကို အဲဒီနေ့မှာ စတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ချမ်းမြသာစည်မြို့နယ်တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဦးဇင်လင်းသန့်က ပြောကြားသည်။

ထိုနေ့က ပြုလုပ်သည့် ဒုတိယအကြိမ်ရုံးချိန်းသို့ မန္တလေးအခြေစိုက် မီဒီယာ ၂၀ ခန့်နှင့် သံဃာတော်များအား လာရောက်ဝန်းရံသူ လူ ၂၀၀ ခန့်ရှိပြီး ပထမရုံးချိန်းကမူ ဝန်းရံသူများအား တရားရုံးအတွင်း ဝင်ရောက်မှု ခွင့်ပြုခဲ့သော်လည်း ထိုနေ့တွင်မူ ခွင့်ပြုခြင်း မရှိခဲ့သောကြောင့် ဝန်းရံသူ အများစုမှာ တရားရုံးဝင်း ပြင်ပတွင်သာ စောင့်ဆိုင်းခဲ့ကြပြီး အဘယ်ကြောင့် ဝင်ခွင့်မပြုသလဲ ဆိုသည်ကို လုံခြုံရေးများနှင့် အကြိတ်အနယ် ပြောဆိုနေကြသည်ကို တွေ့ရသည်။

ထိုနေ့တွင် ရှေ့နေကိုယ်စားလှယ်လွှဲစာတင်ကာ အာမခံတင်ခဲ့ပြီး တရားသူကြီးက အာမခံရထိုက်၊ မရထိုက် ကြားနာကာ ရုံးကအာမခံမပေးထိုက်ဟု သက်မှတ်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ လျှောက်လဲ သွားမည်ဖြစ်ပြီး အာမခံရရန် အထက်ရုံး အဆင့်ဆင့် ကြိုးစားသွားမည်ဖြစ်ကြောင်း စွပ်စွဲခံရသူ သံဃာသုံးပါး၏ အကျိုးဆောင်ရှေ့နေ ဦးအောင်ရဲစိုးက ပြောကြားသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ဘုရားကြီးအ နောက်ဘက်မုခ်ရှိ သာသနာ၂၅၀၀ ဗိမာန်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား သြဂုတ်  ၅ ရက် နံနက် ၂ နာရီ ၁၅ မိနစ်ခန့်က တိုင်းဒေသကြီး အစိုးရလမ်းညွှန်မှုဖြင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းရာ သံဃာ ၁၁ ပါးနှင့် အမျိုးသမီးနှစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ဖမ်းဆီးရမိသည့် သံဃာ ၁၁ ပါးအနက် ဦးဆောင်သံဃာ ခြောက်ပါးအား သြဂုတ် ၉ ရက်တွင် စတင်ရုံးထုတ် စစ်ဆေးကာ သြဂုတ် ၂၃ ရက်တွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခြင်းဖြစ်သည်။

သပိတ်စခန်း ဦးဆောင်သံဃာရှစ်ပါးအား ခရိုင်သာသနာရေး ဦးစီးမှူးက တရားလိုလုပ် စွဲဆိုထားခြင်းဖြစ်ပြီး ဦးကျော်မျိုးရွှေ ပါဝင်သည့် လူပုဂ္ဂိုလ်ငါးဦးအား မြို့နယ်ထွေအုပ်က တရားလိုပြုလုပ် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဖမ်းဆီးရန် ကျန်ရှိနေသည့် သံဃာနှင့် လူပုဂ္ဂိုလ်များကို ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမည်ဖြစ်ပြီး သပိတ်စခန်းအား ရှင်းလင်းပြီးနောက် သက်သေခံပစ္စည်းများဖြစ်သည့် အလံ၊ ကြွေးကြော်သံ စာသားပါ ဗီနိုင်းဆိုင်းဘုတ်များ၊ အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးက ပြောကြားသည်။

သြဂုတ် ၅ ရက် နံနက် ၂ နာရီကျော် သပိတ်စခန်းဖြိုခွဲစဉ်က ဖမ်းဆီးခံရကာ လူဝတ်လဲပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံထားရသည့် သံဃာခြောက်ပါးမှာ ဦးအဂ္ဂဓဇ (၃၅ နှစ်၊ ၁၄ ဝါ၊ သာသနာဝင်အမှတ် ၉/မထလ (သ) ၀၀၂၇၅၃ မိတ္ထီလာမြို့နယ် မဘသအတွင်းရေးမှူး၊ အောင်သာကျောင်း၊ ဝန်ဇင်းရပ်၊ မိတ္ထီလာ မြို့)၊ ဦးဝိဝေကာနန္ဒ (၂၉ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် ၇/ပခန (သ) ၀၁၁၁၁၄ မျိုးချစ် မြန်မာရဟန်းတော်များ သမဂ္ဂ၊ ချမ်းသာကြီး ချမ်းရကျောင်း၊ တံခွန်တိုင်ရပ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့)၊ ဦးဣန္ဒက (၂၆ နှစ်၊ ငါးဝါ၊ သာသနာဝင် အမှတ် ၉/ခမစ (သ) ၀၀၄၇၄၅၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့)၊ ဦးပဏ္ဍိတ (၄၈ နှစ်၊  ၂၈ ဝါ၊ သာသနာဝင်အမှတ် ၉/ညဥန(သ) ၀၀၁၂၁၈၊ (မည်သည့်အဖွဲ့ဝင်မှ မဟုတ်) ကြံခင်းဝန်ကျောင်း၊ ညောင်ဦးမြို့နယ်)၊ ဦးအာစာရ (၂၂ နှစ်၊ နှစ်ဝါ၊ သာသနာဝင် အမှတ် ၉/ပကခ (သ) ၀၀၂၃၉၁၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေး ရွာ၊ ပုသိမ်ကြီးမြို့နယ်) နှင့် ဦးအရိယာဝံသ (၃၀ နှစ်၊ ၁၀ ဝါ၊ သာသနာဝင်အမှတ် (မသိရသေး) မျိုးချစ် မြန်မာရဟန်းတော်များသမဂ္ဂ၊ ငါးဆူကျောင်းတိုက်၊ ပလိုင်းရပ်၊ ချမ်းအေးသာစံမြို့နယ် မန္တလေးမြို့) တို့ ဖြစ်ကာ သပိတ်စခန်း ဦးဆောင်သည့် သံဃာဖြစ်ပြီး လက်ရှိဖမ်းဆီး မခံရသေးသည့် နှစ်ပါးမှာ ဦးဣန္ဒောဘာသ (ရခိုင်ဘုန်းကြီး) (၄၅ နှစ်၊ ၁၆ ဝါ၊ မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ၊ သာသနာဝင်အမှတ် ၉/ပကသ (သ) ၀၀၂၁၀၀၊ ဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့) နှင့် ဦးစန္ဒာသီရိ (၄၁ နှစ် ၂၀ ဝါ၊ သာသနာဝင်အမှတ် ၉/မဟမ (သ) ၀၀၁၂၉၁၊ မျိုးချစ် မြန်မာရ ဟန်းတော်များ သမဂ္ဂဓမ္မသုခကျောင်း၊ နှမ်းကြဲကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် မန္တလေး မြို့) တို့ဖြစ်သည်။

Most Read

Most Recent