မာန်အောင်လေယာဉ်ကွင်း တိုးချဲ့ရာတွင် နေအိမ်ဖယ်ရှားပေးမှု မရှိသည့်အတွက် ထောင်ဒဏ်ချမှတ် ခံရသည့် တောင်သူနှစ်ဦး၏ အယူခံ ပယ်ချခံရ

မာန်အောင်လေယာဉ်ကွင်း တိုးချဲ့ရာတွင် နေအိမ်ဖယ်ရှားပေးမှု မရှိသည့်အတွက် ထောင်ဒဏ်ချမှတ် ခံရသည့် တောင်သူနှစ်ဦး၏ အယူခံ ပယ်ချခံရ
Published 27 June 2018

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့ရှိ မာန်အောင်-စမုတဲ လေယာဉ်ကွင်း တိုးချဲ့တည်ဆောက်ရာတွင် နေအိမ်ဖယ်ရှားပေးမှု မရှိသည့်အတွက် ထောင်ဒဏ်ချမှတ် ခံထားရသူ တောင်သူနှစ်ဦး၏ အယူခံလွှာအား ကျောက်ဖြူခရိုင် တရားရုံးမှ ဇွန် ၂၅ ရက်က ပယ်ချလိုက်ကြောင်း သိရသည်။

အဆိုပါ တောင်သူနှစ်ဦးမှာ မာန်အောင်မြို့ မြတ်မချောင်ကျေးရွာမှ တောင်သူဦးသာနီနှင့် ဦးဖြူသီးခိုင်တို့ဖြစ်ပြီး သက်ဆိုင်ရာမှ လျော်ကြေးပေးငွေကို လက်မခံဘဲ နေအိမ်အား ဖယ်ရှားမှုမရှိခြင်းနှင့် ပတ်သက်ပြီး မာန်အောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူးက တရားလိုပြု တိုင်တန်းချက်များအရ ဥပဒေပုဒ်မ (၃၅) ဖြင့် ယခုနှစ် မတ် ၂၁ ရက်က မာန်အောင်မြို့နယ် တရားရုံးမှ ထောင်ဒဏ်ခုနစ်လ ချမှတ်ခံထားရသူများ ဖြစ်ကြောင်း သိရသည်။

“အခု သိမ်းဆည်းခံရတဲ့ လူတွေမှာကတော့ အကုန်လုံး လယ်ယာမြေနဲ့ပဲ ဖြစ်သွားတယ်။ ဥယဉ်ခြံမြေ အိမ်ခြံမြေတွေကို တစ်ဧကကို ကိုးသိန်းလောက်ပေးတယ်။ တကယ့်လယ်လုပ်စားနေတဲ့ လယ်ကျတော့ အဆနဲ့တိုးလိုက်ရင် ၂၈ သိန်းပဲရမယ်။ နစ်နာတာက အိမ်ခြံသမားတွေ နစ်နာပါတယ်။ အိမ်ဆောက်လုပ်ဖို့ ကိစ္စမှာလည်း ဆောက်လုပ်နိုင်တဲ့ အဆင့်ထိကို သူတို့မပေးဘူး။ သင့်တင့်လျောက်ပတ်တဲ့ အနေအထားပေးရင် ကျွန်တော်တို့က ပြောစရာ မလိုပါဘူး။ သူတို့ပေးတာက ပြောင်းရွှေ့ခလောက်တောင် မရှိဘူး” ဟု ထောင်ဒဏ်ချမှတ်ခံရပြီး အယူခံလွှာ ပယ်ချခံခဲ့ရသူ တစ်ဦးဖြစ်သည့် ဦးဖြူသီးခိုင်က ပြောကြားသည်။

လက်ရှိတွင် အဆိုပါ တောင်သူနှစ်ဦးမှာ ကျောက်ဖြူအကျဉ်းထောင်တွင် ကျခံနေရသူများဖြစ်ပြီး တောင်သူနှစ်ဦး၏ အယူခံ လျှောက်လွှာအား ယခုနှစ် ဇွန် ၂၀ ရက်တွင် ကျောက်ဖြူခရိုင်တရားရုံးသို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး တရားရုံးမှ ငါးရက်ကြာ စစ်ဆေးပြီးနောက် အယူခံလွှာအား ပယ်ချလိုက်ခြင်း ဖြစ်ကြောင်း တရားခွင်မှ သိရသည်။

“တောင်သူနှစ်ဦးရဲ့ အယူခံလွှာနဲ့ ပတ်သက်ပြီး စာရွက်စာတမ်းတွေ၊ မိတ္တူတွေကို ယူပြီး စစ်တွေ (ပြည်နယ်) ကို ထပ်အယူခံထပ်တက် ရပါမယ်” ဟု တောင်သူနှစ်ဦး၏ အထက်တန်းရှေ့နေ ကျောက်ဖြူမြို့ခံ ဦးထွန်းရီက ပြောကြားသည်။

မာန်အောင်-စမုတဲ တိုးချဲ့လေယာဉ်ကွင်းအား ၂၀၁၆ ခုနှစ်အတွင်းက တည်ဆောက်ခဲ့ပြီး လေယာဉ်ကွင်း တိုးချဲ့စီမံကိန်းနှင့် ပတ်သက်ပြီး မလွတ်ကင်းသည့် နေအိမ်ခုနစ်အိမ် ရှိခဲ့ပြီး နေအိမ်ငါးအိမ်အား နေအိမ်ခြံဝင်း အကျယ်အဝန်းအားလိုက်ပြီး တစ်အိမ်ထောင်လျှင် ကျပ်သိန်း ၅၀ ကျော်ပေးပြီး ဖယ်ရှားခဲ့သော်လည်း အဆိုပါ နေအိမ်နှစ်လုံးရှိ တောင်သူဦးစီး နှစ်ဦးတို့မှာ လျော်ကြေးငွေအား နည်းပါးလွန်းသည် ဟုဆိုကာ လက်မခံဘဲ နေအိမ်အား ဖယ်ရှားပေးမှု မရှိခြင်းကြောင့် လေယာဉ်ကွင်းပေါ်တွင် ကျူးကျော်အိမ်ဆောက် နေသည့်အတွက် ပုဒ်မ (၃၅) ဖြင့် ထောင်ဒဏ် ခုနစ်လစီ ချမှတ်ခံနေရခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent