ဟုမ္မလင်းမြို့နယ်ရှိ တရားမဝင် ရွှေတူးဖော်နေမှုများ ပပျောက်စေရန် ယခင်နည်းလမ်းနှင့် မတူသော အစီအစဉ်သစ်များ ရေးဆွဲလုပ်ဆောင်သွားမည်ဟု သိရ

ဟုမ္မလင်းမြို့နယ်ရှိ တရားမဝင် ရွှေတူးဖော်နေမှုများ ပပျောက်စေရန် ယခင်နည်းလမ်းနှင့် မတူသော အစီအစဉ်သစ်များ ရေးဆွဲလုပ်ဆောင်သွားမည်ဟု သိရ
Published 27 June 2018

ဟုမ္မလင်းမြို့နယ် အတွင်းရှိ ရွှေတူးဖော်မှုလုပ်ငန်း အချို့ကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ရှိ တရားမဝင် ရွှေတူးဖော်နေမှုများ ပပျောက်စေရန် ယခင်နည်းလမ်းနှင့် မတူသော အစီအစဉ်သစ်များ ရေးဆွဲလုပ်ဆောင် သွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်၏ ပြောကြားချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ တရားမဝင် ရွှေတူးဖော်နေမှုများ ပပျောက်စေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးများအား တာဝန်ပေးအပ်ခဲ့ရာ ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်အား ဟုမ္မလင်းမြို့နယ် အတွင်းရှိ တရားမဝင် ရွှေတူးဖော်မှုများ ပပျောက်ရန်အတွက် လုပ်ဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်။

ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းမွှေးမွှေးခင်က ဟုမ္မလင်းမြို့နယ်ရှိ တရားမဝင် ရွှေတူးဖော်နေမှုများ လုံးဝပပျောက်စေရန်အတွက် ယခင်လုပ်ကိုင်ခဲ့သော နည်းလမ်းများနှင့်မတူသည့် စီမံကိန်းများကို ရေးဆွဲနေပြီး တရားမဝင် ရွှေတူးဖော်မှုများအား ဖမ်းဆီးရာတွင် လိုအပ်ချက်များ ပြင်ဆင်ဖြည့်စွက်ခြင်း၊ ဒေသခံများအား အသိပညာပေးခြင်းနှင့် တစ်ဘက်တွင်လည်း ဒေသခံများ လက်လုပ်လက်စား တူးဖော်ခွင့် ရရှိနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း စသည်တို့ကို တစ်ပြိုင်နက် အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ပြောကြားသည်။

“တရားမဝင် ရွှေမျောလုပ်နေတာတွေနဲ့ ပတ်သက်ပြီး အန်တီတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီးတွေကို ဒေသတွေခွဲပြီး မေ  ၄ ရက်ကတည်းကစပြီး ဖွဲ့စည်းတာဝန်ပေးခဲ့ တယ်။ ဒါနဲ့ပတ်သက်ပြီး အန်တီတို့ဘက်က တကယ့်ကို ထိထိရောက်ရောက် လုပ်ချင်တယ်။ ဒီလိုလုပ်မယ်ဆိုတဲ့အခါ အရင်ကလုပ်ခဲ့တဲ့ နည်းတွေအကုန် ပြောင်းပစ်ရမယ်။ အရင်ကလို သွားဖမ်းတယ်။ ပြန်လာတယ် ပြန်လုပ်ကြတယ် ဆိုတာမျိုး မဖြစ်အောင်ပေါ့။ ဒါကြောင့် အန်တီတို့က Plan အသစ်တွေဆွဲနေတယ်။ သွားဖမ်းတဲ့အခါ လုံခြုံရေးကအစ ဒီရဲအင်အားနဲ့ လုံလောက်သလား ထပ်တိုးဖို့လိုသလား တပ်မတော်အင်အား လိုသလား ဒါတွေကအစပေါ့။ နောက်တချက်က မြို့နယ်အုပ်ချုပ်ရေးပိုင်း အနေနဲ့ကရော သွားဖမ်းတဲ့အခါ စက်ပစ္စည်းတွေသယ်ဖို့ ထိန်းသိမ်းဖို့ ဘတ်ဂျက်ကိစ္စအစပေါ့။ ဒီလိုထိရောက်စွာ လုပ်နိုင်ဖို့ လိုအပ်တဲ့အချက်တွေ၊ သူတို့ရဲ့ သဘောထား အမြင်တွေ တောင်းတယ်။ အန်တီကိုယ်တိုင်ကလည်း မြေပြင်ကွင်းဆင်းပြီး ကြည့်ခဲ့တယ်။ ဒီလိုလုပ်တဲ့အခါ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုက အရေးအကြီးဆုံးပဲ။ သူတို့မပါဘဲနဲ့ မအောင်မြင်နိုင်ဘူး။ သူတို့ဒေသမှာ ဒီလိုလာလုပ် နေတာကို မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ တားဆီးနိုင်ရမယ်။ တချို့နေရာမှာတော့ ဒေသခံတွေလည်း ဝင်လုပ်နေတာရှိတယ်။ ဒါကြောင့် ပညာပေး လုပ်ငန်းတွေလည်း တဘက်ကလုပ်မယ်။ အခုသတ္တုဥပဒေကလည်း အသစ်ထွက်လာပြီ ပြစ်ဒဏ်တွေက အများကြီး ပြင်းထန်လာပြီ။ ဒါတွေကို လူထုသိအောင် ပြောပြရမယ်။ ဒေသခံ တချို့လူနည်းစုက သတ္တုဥပဒေရှိမှန်းကို မသိကြတာတွေရှိတယ်။ တချို့ကတော့ ရှိမှန်းသိတယ်။ ပြစ်ဒဏ်ကြီးမှန်း မသိကြဘူး။ ဒီတော့ ဥပဒေနဲ့ ပတ်သက်လို့လည်း ပညာပေးရမယ်။ တစ်ဖက်ကလည်း ဒေသခံတွေ လုပ်ကိုင်စားသောက်နိုင်အောင် လက်လုပ်လက်စား ရွှေတူးဖော်ခွင့် တပိုင်တနိုင်တွေ ချပေးနိုင်အောင် လုပ်သွားမယ်” ဟု ဒေါ်နန်းမွှေးမွှေးခင်က ဆိုသည်။

ဟုမ္မလင်းမြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်မှု များစွာရှိနေပြီး ဟုမ္မလင်းမြို့နယ် အတွင်းရှိ ဥရုမြစ်၏ ချောင်းလက်တက်များဖြစ်သော ချောင်းကြီးချောင်း၊ နန်ထိန်ကွန်းချောင်း၊ နားမော်ချောင်းနှင့် နန်စံကားချောင်း အစရှိသည့် ချောင်းများအတွင်းနှင့် ချင်းတွင်းမြစ်အတွင်း စီးဝင်သည့် နတ်နန်းချောင်း အတွင်း တရားမဝင် ရွှေတူးဖော်မှုများစွာ ရှိနေပြီး စွန့်ပစ်မြေစာများနှင့် ရေဆိုးများကြောင့် အဆိုပါ ချောင်းများအတွင်း ရေစီးဆင်းမှု ပျက်စီးကာ ရေဘေးကဲ့သို့ သဘာဝဘေး အန္တရာယ်ကို ကြုံတွေ့ခံစားနေရပြီး လယ်မြေပျက်စီးမှုများလည်း ဖြစ်ပေါ်နေကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွန့်ကလည်း ပြောကြားသည်။

 

Most Read

Most Recent