ရွှေတူးဖော်ရေးကုမ္ပဏီ ၁၈ ခုမှ ပိုင်ရှင်များနှင့် ရွှေလုပ်သား ၂၀၀ ကျော် မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်

ရွှေတူးဖော်ရေးကုမ္ပဏီ ၁၈ ခုမှ ပိုင်ရှင်များနှင့် ရွှေလုပ်သား ၂၀၀ ကျော် မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်
Published 27 June 2018

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ၏ ဥပဒေမဲ့ လုပ်ရပ်များကို ထောက်ခံခြင်း မရှိကြောင်း မန္တလေးမြို့တွင် ရွှေလုပ်သားများ ဆန္ဒထုတ်ဖော်စဉ်

ရွှေတွင်းများ ပြန်လည်တူးဖော်ခွင့် ရရှိရေးအတွက် နိုင်ငံတော်အစိုးရအား လက်ရှိ ဆန္ဒပြနေသည့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီ၏ ဥပဒေမဲ့ လုပ်ရပ်များကို ထောက်ခံခြင်း မရှိကြောင်း ယခင်က အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီနှင့် မိတ်ဖက်အဖြစ် လုပ်ခဲ့ဖူးသည့် ကုမ္ပဏီ ၁၈ ခုမှ ပိုင်ရှင်နှင့် ရွှေလုပ်သား ၂၀၀ ကျော်က မန္တလေးမြို့ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင် ဇွန် ၂၆ ရက် နံနက် ၁၀ နာရီမှ စတင်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ကန္တာရစိမ်း၊ အာရှအမြုတေ၊ ခိုင်ချယ်ရီဝင်း၊ ရွှေပုံသာ၊ ရေတော်သားစသည့် ရွှေတူးဖော်ရေး ကုမ္ပဏီ ၁၈ ခုမှ ပိုင်ရှင်များ၊ ရွှေလုပ်သားများ ဦးရေ ၂၀၀ ကျော် ပါဝင်ခဲ့သည်ကို တွေ့ရသည်။

“ကျွန်တော်တို့က အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ အရင်က မိတ်ဖက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပေမယ့် ဒီ ၂၀၁၈ ခုနှစ် မေ ၁၇ ရက်မှာ စာချုပ်တွေကို ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့ဆန္ဒဖော်ထုတ်တဲ့ပွဲမှာ  အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ ယခင်တုန်းက မိတ်ဖက်အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ကုမ္ပဏီ ၁၈ ခု ပါဝင်ပါတယ်။ ကျွန်တော်တို့ ရွှေလုပ်သားတွေက ရမည်းသင်းကနေ ကားနဲ့လာရောက် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ရွှေတွင်းတွေ ပြန်လုပ်ခွင့်ရဖို့ မိုးထိမိုးမိနဲ့ နေပြည်တော်မှာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေပါတယ်။ အဲဒီလိုပြုလုပ်တဲ့ အခါမှာ မိတ်ဖက်ကုမ္ပဏီများပါ ပါဝင်တယ်ဆိုပြီး ဆိုင်းဘုတ်တွေမှာ ဖော်ပြထားပါတယ်။ သူတို့ကုမ္ပဏီရဲ့ ဒါရိုက်တာတွေ၊ နီးစပ်ရာတွေ ထောင်ထားတဲ့ မိတ်ဖက်ကုမ္ပဏီတွေ ပါချင်ပါပါလိမ့်မယ်။ ကျွန်တော်တို့ ဒေသခံတိုင်းရင်းသားကုမ္ပဏီ ၁၈ ခုကတော့ အမျိုးသား ကြီးပွားတိုးတက်ရေးရဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒဖော်ထုတ်တဲ့ လုပ်ရပ်မှာ လုံးဝမပါဘူး ဆိုတာ အစိုးရနဲ့ အများပြည်သူသိအောင် ဒီနေ့ဆန္ဒထုတ်ဖော်ပွဲ ကျင်းပရတာ ဖြစ်ပါတယ်” ဟု ရေတော်သား ကုမ္ပဏီမှ ဦးတင်ညွန့်ဦးက ပြောကြားသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် ကုမ္ပဏီစတင် လုပ်ကိုင်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ ရွှေစင်ပိဿာ ၃၅၀၀ ကျော် (၃၅၁၅ ဒသမ ၆၃၈၄) ပိဿာ ထုတ်ယူခဲ့ပြီး မိတ်ဖက်အဖြစ် လုပ်ကိုင်ခဲ့သည့် တိုင်းရင်းသား ကုမ္ပဏီများမှ နိုင်ငံတော်သို့ အခွန်အဖြစ် ပေးသွင်းနိုင်ရန်အတွက် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီသို့ ရွှေစင် ၆၀၇ ပိဿာ ပေးအပ်ခဲ့သော်လည်း နိုင်ငံတော်သို့ ပေးသွင်းခြင်း မရှိခဲ့ကြောင်း မိတ်ဖက်အဖြစ် လုပ်ခဲ့ဖူးသည့် ကုမ္ပဏီများက အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့က အစိုးရဆီ တိုက်ရိုက်သွင်းလို့မရတော့ နိုင်ငံတော်အခွန်အတွက်  အမျိုးသား ကြီးပွားတိုးတက်ရေး ကနေတစ်ဆင့် ရွှေတွေသွင်းတယ်။ သူတို့က မသွင်းဘဲထားလို့ အခုလိုကြားညပ်ပြီး ကျွန်တော်တို့ လုပ်ငန်းတွေပါ အပိတ်ခံရတာ ဖြစ်ပါတယ်။ နိုင်ငံတော်ကို ပေးသွင်းရမယ့် အခွန်တွေ အပြည့်အ၀ မပေးသွင်းဘဲ ရွှေစင်ပိဿာ ၃၀၀ ကျော်(၃၃၈ ဒသမ ၈၀၉၇)ပဲ ပေးသွင်းထားတဲ့ကိစ္စကို ကျွန်တော်တို့ အပြည့်အ၀ ရှုတ်ချတယ်။ ဒီလို ပေးသွင်းစရာ ရှိတာကို မပေးသွင်းဘဲ ပမာဏနည်းနည်းပဲ ပေးသွင်းတဲ့အပေါ် စာရင်းဇယား မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းပေးဖို့ လိုပါတယ်။ အခု ရွှေစင်အခွန်မသွင်းလို့  နိုင်ငံတော်က လုပ်ငန်းတွေရပ်လို့ အမိန့်ပေးတဲ့အချိန်မှာ ကျွန်တော်တို့က ဥပဒေနဲ့အညီ လုပ်ငန်းတွေ အကုန်နားထား ရပါတယ်။ ဒါပေမဲ့ သူတို့က အဲဒီလိုရပ်လို့ ပြောတဲ့အချိန်မှာကို ရွှေစင် ၁၄၉ ပိဿာ ထုတ်ယူသွားခဲ့ပါတယ်။ ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့က အပြင်းအထန် ကန့်ကွက်တယ်” ဟု ကန္တာရစိမ်း ကုမ္ပဏီမှ ဦးစိုင်းဝင်းမြင့်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်သူများသည် နိုင်ငံတော်အစိုးရအား လိမ်လည်လှည့်ဖြားနေသော အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအား အလိုမရှိ၊ ဒေသခံ တိုင်းရင်းသား လုပ်ငန်းရှင်များအပေါ် အကျိုးမပြုသော အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီ အလိုမရှိ၊ မိုးထိမိုးမိ ဒေသခံ လုပ်ငန်းရှင်များ ပေးသွင်းထားသော ရွှေစင် ၆၀၇ ပိဿာအား နိုင်ငံတော်သို့ အမြန်ပြန်လည် ပေးသွင်းရေး စသည့် စာသားများ ရေးထားသော ဗီနိုင်းများ ကိုင်ဆောင်ကာ မန္တလေးမြို့ ၆၂လမ်း၊ ၃၅လမ်းထောင့်မှ တောင်ဘက်သို့ စီတန်းလှည့်လှည်ခဲ့ပြီး မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင် ကြွေးကြော်သံများ သံပြိုင်ရွတ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent