မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိရေး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရဲမှူးကြီးမြင့်ထွေး ပြောကြား

မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိရေး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရဲမှူးကြီးမြင့်ထွေး ပြောကြား
Published 27 June 2018

မလေးရှားတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဖမ်းမိထားသူနှင့် တိမ်းရှောင်နေသူ အချို့ကို ဇွန်လ ၁၉ ရက်နေ့က ပြည်ခဲရေးမှ ထုတ်ပြန်ခဲ့စဉ် (ဓာတ်ပုံ - ပြည်ထဲရေး ဝန်ကြီးဌာန)

မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရှိ ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေးနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိရေးအတွက် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ဇွန် ၂၆ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သော (၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနား တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှရဲမှူး ကြီးမြင့်ထွေးက ပြောကြားသည်။

“မလေးမှာမိတဲ့ မူးယစ်ဆေးကိစ္စက ဖေ့စ်ဘုတ်မှာ အားလုံးပြန့်နေပါတယ်။ ကျွန်တော်တို့ ဒီဘက်က ရဲဇာနည်တို့ ဘာတို့ဘက်ကလည်း ဆောင်ရွက်နေပါတယ်။ ဖမ်းဆီးရမိပြီး ဥပဒေအရ ဆောင်ရွက်နေပါတယ်။ မလေးရှားမှာမိတာနဲ့ကျွန်တော်တို့ မြန်မာပြည်မှာသတင်းရတာနဲ့ ဆက်လက်ပြီး ဖမ်းဆီးရမိရေးတွေ၊ သိမ်းဆည်းရေးတွေကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က ဦးစီးပြီး ဆောင်ရွက်နေပါတယ်”  ဟု ရဲမှူးကြီးမြင့်ထွေးက ပြောကြားသည်။ ထို့အပြင် ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးသတင်းများကို ရဲတပ်ဖွဲ့သို့ပေးပို့ရန် လိုအပ်ပြီး  ပေးပို့လာသည့် သတင်းများအပေါ် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“အဓိက,ကတော့ သတင်းတွေပါပဲ။ ပြည်သူတွေအနေနဲ့ သတင်းပေးဖို့လိုတယ်။သတင်းရှိမှလည်း အားလုံးက အောင်မြင်တာ။ အဲဒီသတင်းကို အတည်ပြုမယ်။ အတည်ပြုပြီးဆောင်ရွက်ရတာ ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ မူးယစ်ဆေးဝါးသတင်းကိုရရင် မှားတာမှန်တာထက် သတင်းပေးဖို့ လိုပါတယ်။ အဲဒီသတင်းအပေါ်အခြေခံပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။

ယင်းအမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဇွန် ၂ ရက်တွင် မင်းနိုင်ဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းအား စစ်ဆေးရာမှ ဇွန် ၅ ရက်တွင် မောင်မောင် (ခ) Yassin ကို ဖမ်းဆီးရမိခဲ့ကြောင်း Yassin ၏ ထွက်ဆိုချက်အရ  မူးယစ်ဆေးဝါးများမှာ မလေးရှားတွင် တွေ့ဆုံသိကျွမ်းခဲ့သည့် ချင်ကျားမူ (ဖမ်းမမိသေး) တာချီလိတ်မြို့နေသူထံမှ မူးယစ်ဆေးဝါးများအား မြန်မာပြည်တွင်းသို့ အဆင့်ဆင့် သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့သို့ မူးယစ်ဆေးဝါးများ ရောက်ရှိချိန်တွင် လှည်းကူးမြို့နယ်ရှိ မင်းနိုင်ပိုင် Nice Guy သောက်ရေသန့်စက်ရုံသို့ ပို့ခဲ့ပြီး ၎င်းမှတစ်ဆင့် ဟူစိန် (ခ) မိုဟာမက် ဟူစိန် (ဖမ်းမမိသေး) က ၎င်း၏ယာဉ်ဖြင့် ပုဇွန်တောင်မြို့နယ်ရှိ မောင်မောင်၏ ဂိုဒေါင်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းမှတစ်ဆင့် မင်းနိုင်၏ Nice Guy Clearance Service Agency မှ စီစဉ်ပေးမှုဖြင့် ကွန်တိန်နာအတွင်း မြန်မာ့ရိုးရာအစားအသောက်များနှင့် ရောနှောကာ မလေးရှားနိုင်ငံသို့ ပို့ခဲ့သည်ဟု  စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မလေးရှားနိုင်ငံတွင်နေထိုင်ပြီး စတိုးဆိုင်ဖွင့်လှစ်ထားသည့် Yassin ၏ ယောက်ဖတော်စပ်သူ ဇေယျာဟိန်းက အဆက်အသွယ်များဖြင့် လက်ခံရယူထိန်းသိမ်းပြီး ဇေယျာဟိန်းမှတစ်ဆင့် ချင်ကျားမူ၏ ခင်ပွန်း အကိုကြီး (ခ) ကတုံး (စိစစ်ဆဲ၊ မလေးရှားနိုင်ငံတွင်နေထိုင်သူ) ထံသို့ ဆက်လက်ပေးပို့ရကြောင်း သိရသည်။ ယင်းနောက် ဇေယျာဟိန်းအား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ် ဇွန် ၉ ရက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် Yassin နှင့် ဇေယျာဟိန်းတို့ကို စစ်ဆေးချက်အရ ချင်ကျားမူနှင့် ဆက်သွယ်၍ မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ခဲ့သူ ထားဝယ်ကြီး (ခ) အောင်လွင်ကို မလွှဲတောင်စစ်ဆေးရေးဂိတ်၌ ဇွန် ၁၂ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ ယခင်က မလေးရှားနိုင်ငံ၌ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ဖူးကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်၍ ရရှိသောငွေကြေးဖြင့် ဝယ်ယူသည်ဟု ယူဆရသော ပိုင်ဆိုင်မှုများကို စိစစ်ခဲ့ရာ မောင်မောင် (ဖမ်းမိ) ထံမှ ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်ခန့်၊ ထားဝယ်ကြီး (ဖမ်းမိ) ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း နှစ်သောင်းခုနစ်ထောင်ကျော်၊ ဇေယျာဟိန်း (ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း လေးထောင်ကျော်၊ မင်းနိုင် (ဖမ်းမိ) ထံမှ ကျပ်သိန်းပေါင်း ငါးရာခန့်၊ ချင်ကျားမူ (တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ရှစ်သောင်းကျော်၊ ဟူစိန် (ခ) မိုဟာမက်ဟူစိန် (တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ငါးထောင်ကျော်တို့အား တွေ့ရှိခဲ့သဖြင့် ဥပဒေအရ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ ယင်းကြောင့် တရားခံပြေး တောင် ကြီးမြို့နှင့် တာချီလိတ်မြို့နေ ချင်ကျားမူနှင့် ပုဇွန်တောင်မြို့နယ်နေ ဟူစိန်တို့အား တွေ့ရှိပါက ရဲစခန်းသို့ သတင်းပေးပို့ရန် ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Most Read

Most Recent