မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အရွယ်မတိုင်မီသေဆုံးသူ ၁၉၀၀၀၀ ကျော်ရှိပြီး မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် အိပ်ချ်အိုင်ဗွီ၊ အသည်းရောင်အသားဝါ၊ တီဘီရောဂါကူးစက်မှုနှုန်း မြင့်တက်နေ

မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အရွယ်မတိုင်မီသေဆုံးသူ ၁၉၀၀၀၀ ကျော်ရှိပြီး မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် အိပ်ချ်အိုင်ဗွီ၊ အသည်းရောင်အသားဝါ၊ တီဘီရောဂါကူးစက်မှုနှုန်း မြင့်တက်နေ
Published 27 June 2018

(၃၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)

မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်  အရွယ်မတိုင်မီ သေဆုံးသူပေါင်း ၁၉၀,၀၀၀ ကျော်ရှိပြီး မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သည့် အိပ်ချ်အိုင်ဗွီ၊ အသည်းရောင်အသားဝါ၊ တီဘီရောဂါများ ကူးစက်မှုနှုန်းမြင့်တက်နေကြောင်း ၂၀၁၇ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ သိရသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ မူးယစ်ဆေးဝါးပြဿနာကို ရင်ဆိုင်နေ ရသည့်အပြင် ဝေးလံခေါင်ဖျားပြီး ဖွံ့ဖြိုးမှု နောက်ကျသည့်ဒေသများတွင် ဘိန်းစိုက်ပျိုးမှုပြဿနာ၊ ဘိန်းဖြူနှင့် စိတ်ကြွဆေးဝါးထုတ် လုပ်မှုပြဿနာ၊ သုံးစွဲမှုပြဿနာများကိုလည်း ရင်ဆိုင်နေရကြောင်း၊ မူးယစ်ဆေးစွဲသူများ အတွက် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် မူးယစ်ဆေးစွဲကုသရေးဌာနကြီး ၂၆ ခုနှင့် ဌာနငယ် ၄၇ ခုတို့ကို ဖွင့်လှစ်၍ မူးယစ်ဆေးဝါးဆိုင်ရာ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မက်သာဒုန်း အစားထိုးတိုက်ကျွေးမှု အစီအစဉ်အရ မက်သာဒုန်းတိုက်ကျွေးသည့်ဌာန ၅၁ ခုကိုလည်း မူးယစ်ဆေးဝါးသုံးစွဲမှုများသည့် မြို့နယ်များတွင် ဖွင့်လှစ်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ဆေးစွဲလူနာများအတွက် တစ်နေရာတည်းတွင် ကုသရေးဝန်ဆောင်မှုအားလုံး ရရှိစေရန် ပြည်သူလူထုအခြေပြု One Stop Service  လုပ်ငန်းများနှင့် ပြည်သူလူထု ဆေးကုသရေးဝန်ဆောင်မှုပေးခြင်း အစီအစဉ်များကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း နှင့် မူးယစ်ဆေးဝါး အကြောတွင်းထိုးသွင်းခြင်းကြောင့် ကူးစက်တတ်သော အိပ်ချ်အိုင်ဗွီ၊ အသည်းရောင်အသားဝါရောဂါပိုး (ဘီ၊ စီ) နှင့် သွေးမှတစ်ဆင့်ကူးစက်တတ်သော ရောဂါများ အန္တရာယ်လျှော့ချရေးလုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါအစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ၏ ငါးရာခိုင်နှုန်းသည် တစ်နှစ်အတွင်း မူးယစ်ဆေးဝါး အနည်းဆုံးတစ်ကြိမ်သုံးစွဲမှုရှိပြီး ကမ္ဘာ့လူဦးရေ ၂၅၅ သန်းရှိသည့်အနက် ၂၉ ဒသမ ၅ သန်းသည် မူးယစ်ဆေးဝါးကုသမှုခံယူရန် လိုအပ်နေသူများဖြစ်ပြီး ၁၂ သန်းသည် မူးယစ်ဆေးဝါးအကြော တွင်းထိုးသွင်းသူများဖြစ်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် မူးယစ်ဆေးလွန်သေဆုံးမှုများ၊ မူးယစ်ဆေး စွဲမှုကြောင့် ကူးစက်ခံရသော အိပ်ချ်အိုင်ဗွီ ရောဂါ၊ အသည်းရောင်အသားဝါဘီနှင့် စီ၊ တီဘီရောဂါများဖြစ်ပွားမှု မြင့်တက်လာကြောင်းနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ဘိန်းဖြူ ၊ ဆေးခြောက်၊ ကိုကင်းနှင့် အဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားများအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများကိုပါ တွေ့ရှိလာရကြောင်းနှင့် ၂၀၁၂ ခုနှစ်တွင် စိတ်ပြောင်းဆေးဝါးသစ်အမျိုးပေါင်း၂၆၀ ခန့် တွေ့ရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်အတွင်း အမျိုးပေါင်း ၆၃၀ မျိုးထိ မြင့်တက်လာကြောင်း ဖော်ပြထားသည်။

Most Read

Most Recent