တိုက်ပွဲရှောင်ပြည်သူများအတွက် အလှူခံသည့် အလုပ်သမားအရေးဆောင်ရွက်သူ ကိုနိုင်ဇော်ကြည်ဝင်းအပါအဝင် လေးဦး ဒေသန္တရပုဒ်မဖြင့် တရားစွဲခံရ

တိုက်ပွဲရှောင်ပြည်သူများအတွက် အလှူခံသည့် အလုပ်သမားအရေးဆောင်ရွက်သူ ကိုနိုင်ဇော်ကြည်ဝင်းအပါအဝင် လေးဦး ဒေသန္တရပုဒ်မဖြင့် တရားစွဲခံရ
Published 27 June 2018

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် အလှူခံခြင်းပြုလုပ်ခဲ့သည့် အလုပ်သမားအရေး ဆောင်ရွက်သူ ကိုနိုင်ဇော်ကြည်ဝင်းအပါအဝင် လေးဦး ဒေသန္တရ ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခံထားရကြောင်း သိရသည်။

ထိုသို့တရားစွဲခံထားရမှုအား ကမာရွတ်မြို့မရဲစခန်းတွင် လာရောက်ထွက်ဆိုချက်ပေးရန် ကိုနိုင်ဇော်ကြည်ဝင်းထံသို့ ရဲစခန်းမှ ဆင့်ခေါ်စာပေးပို့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်  မေ ၂ ရက်က ကမာရွတ်မြို့နယ် အမှတ် (၈) ရပ်ကွက် ပြည်လမ်းနှင့် လှည်းတန်းလမ်းထောင့်ရှိ လှည်းတန်းစင်တာရှေ့ တွင် မျိုးစော့ပါ လေးဦးက ဦးဆောင်၍ လူ ၄၀ ခန့်ဖြင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၊ တိုက်ပွဲရှောင်ပြည်သူများကို အကြောင်းပြ၍ ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်ကို ဖီဆန်၍ ခွင့်ပြုချက်မရှိဘဲ အလှူခံခြင်း၊ ၎င်းတို့၏ သဘောထားဆန္ဒနှင့် လိုအပ်ချက်များကို ဖော်ထုတ်ပြသပြောကြားခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူတို့ အထင်အမြင်လွဲမှားစေပြီး တိုင်းရင်းသား လူမျိုးအချင်းချင်းသော်လည်းကောင်း၊ အဖွဲ့အစည်း အချင်းချင်းသော်လည်းကောင်း၊  သဘောထားကွဲလွဲကာ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်အောင် လှုံ့ဆော်ပြုလုပ်ဆောင်ရွက်ခဲ့သဖြင့် အရေးယူပေးပါရန် ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူးမှ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားတိုင်တန်းမှုဖြစ်ကြောင်း ဆင့်ခေါ်စာ၌ ပါရှိခဲ့သည်။

“ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရပုဒ်မ ၁၈၈ နဲ့ တရားရုံးဦးတိုက်လျှောက် တရားစွဲဆိုတာလို့ သိရတယ်။ ရဲစခန်းဆင့်ခေါ်စာရလို့ ဒီနေ့သွားတွေ့ခဲ့တယ်။ ဒီလိုတရားစွဲခံထားရတာနဲ့ ပတ်သက်လို့ ပြောချင်တာကတော့ ကချင်ပြည်နယ်မှာရှိတဲ့ တိုက်ပွဲရှောင်ပြည်သူတွေ စိတ်ညစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီးတော့ အလှူခံကောက်တာဖြစ်တယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ကို စာပို့တဲ့အပိုင်းက ဘာလဲဆိုတော့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေတယ်ဆိုတဲ့ အသုံးအနှုန်းသုံးထားတယ်။ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာ နားလည်မှုလွဲစေတယ်ဆိုတဲ့ အသုံးအနှုန်းသုံးထားတဲ့အတွက်ကြောင့် ကျွန်တော်တို့မေးချင်တာက ဒီလိုတိုင်းရင်းသားတွေကို ပြည်သူတစ်ယောက်အနေနဲ့ ကူညီနေတိုင်းမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ကြားမှာ သဘောထားကွဲလွဲတာမျိုးတွေ ရှိနေတယ်ပေါ့။ အဲဒါကို ကျွန်တော်တို့အနေနဲ့ မရှင်းလင်းဘူး။ ဒီအကြောင်းအရာက တရားစွဲဖို့အကြောင်းတစ်ခုပဲလို့ ယူဆတယ်။ နောက်တစ်ခု လက်ပံတောင်းကိစ္စတဲ့။ အမှုဟောင်းတစ်ခုပါ ပုဒ်မ ၁၉ နဲ့ ဝရမ်းထပ်ကပ်ဖို့ လုပ်နေတယ်ဆိုတာ ရဲစခန်းက တစ်ဆက်တည်းပြောလာတဲ့အတွက် အမှုနှင့်ပတ်သက်လို့ ဆက်လက်ပြောကြားမှု မပြုတော့ဘဲ ကျွန်တော် ထွက်လာခဲ့တာဖြစ်ပါတယ်” ဟု တရားစွဲခံထားရသူတစ်ဦးဖြစ်သည့်  ကိုနိုင်ဇော်ကြည်ဝင်းက ဇွန် ၂၆ ရက်တွင်ပြောကြားသည်။

လက်ရှိတရားစွဲဆိုခံထားရမှုနှင့် ပတ်သက်၍ ဆင့်ခေါ်စာမှာ ၎င်းတစ်ဦးတည်းဆီသို့သာ ရောက်ရှိခြင်းဖြစ်ပြီး စွပ်စွဲခံရသူအားလုံးထံသို့ မရောက်ရှိသေးသဖြင့် အားလုံးတိုင်ပင်ပြီးမှသာ တရားရင်ဆိုင်မှု ပြုလုပ်မည်၊ မပြုလုပ်မည်ကို ဆုံးဖြတ်သွားမည်ဖြစ်ဟု ကိုနိုင်ဇော်ကြည်ဝင်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent