ရွှေတိဂုံစေတီတော်ကြီးအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် UNESCO သို့ တင်သွင်းမည်

ရွှေတိဂုံစေတီတော်ကြီးအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် UNESCO သို့ တင်သွင်းမည်
Published 26 June 2018

ရွှေတိဂုံစေတီတော်အား ဇွန် ၂၄ ရက်က ဖူးတွေ့ရစဉ်

ရွှေတိဂုံစေတီတော်ကြီးအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် UNESCO သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမိုးချစ်က ပြောကြားသည်။

“ကျွန်တော်တို့ ရွှေတိဂုံစေတီတော်ကြီးကို ရှေးဟောင်း အဆောက်အအုံဇုန်အဖြစ် UNESCO ကိုလာမယ့် ၂၀၁၉-၂၀၂၀ တင်ပြပြီးတော့ ရှေးဟောင်း အဆောက်အအုံအနေနဲ့ တင်ပြဖို့ရှိပါတယ်။ တင်ပြဖို့ရှိတဲ့အခါ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အအုံ ဇုန်ဧရိယာဆိုပြီး သတ်မှတ်ပေးထားတဲ့နေရာ ရှိပါတယ်။ စေတီတော်ကြီးနဲ့ ၁၄ ဧကရှိတဲ့ ရင်ပြင်တော်ကြီးက တည်နေရာဇုန်ဆိုပြီး သတ်မှတ်ပြီးတော့ ထိန်းသိမ်းကာကွယ်ရမယ့် နေရာက ၁၁၄ ဧကရှိတဲ့ အရှေ့ဘက်က အာဇာနည်လမ်း၊ တောင်ဘက်က ဦးထောင်ဘိုလမ်း၊ အနောက်ဘက်ကဆိုရင် ဦးဝိစာရလမ်း၊ မြောက်ဘက်ကဆိုရင် အာဇာနည်လမ်း ဒီ ၁၁၄ ဧရိယာလေးပဲ တင်ပြတဲ့အခါ ဒါက ကျဉ်းမြောင်းတယ်လို့ ယူဆပါတယ်။ ဒီရှေးဟောင်း အဆောက်အအုံ တည်နေရာ ကာကွယ်ထိန်းသိမ်းတဲ့ဇုန်ကို ထပ်ချဲ့ပေးပါဆိုပြီး တင်ပြထားတာ ရှိပါတယ်” ဟု ဦးမိုးချစ်က ပြောကြားသည်။

ထို့ပြင် ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင် ဖြစ်သည့် ဦးထောင်ဘိုလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတောင့်တွင် Dagaon City ကို ၂၀၁၅ ခုနှစ်တွင် ပြည်သူလူထုက ဝိုင်းဝန်း ကန့်ကွက်ခဲ့မှုကြောင့် စီမံကိန်း အကောင်အထည် မဖော်ဖြစ်ခဲ့ကြောင်း၊ ဦးဝိစာရလမ်းထောင့်တွင် တည်ဆောက်ခဲ့သည့် Dagon International Company မှ အထပ်မြင့် အဆောက်အအုံ ဆောက်မှုသည် ရွှေတိဂုံဘုရားအား ကွယ်နိုင်သဖြင့် ကန့်ကွက်ခဲ့ကြောင်း၊ ဇွန်လအတွင်းတွင်လည်း အာဇာနည်ကုန်း မြောက်ဘက်နားရှိ လင့်လမ်းနှင့် အနောက်ရွှေဂုံတိုင်နားတွင် ကုမ္ပဏီတစ်ခုမှ အထပ်မြင့် အဆောက်အအုံဆောက်ရန် တင်ပြထားကြောင်း၊ ယင်းတင်ပြထားသည့် အဆောက်အအုံသည် ကွန်ဒိုအဆောက်အအုံဖြစ်ပြီး မြေအောက်အနက် ၂၈ ပေ ကားပါကင် နှစ်ထပ်ပါရှိပြီး အထပ်မြင့် ခြောက်ထပ်ဖြစ်ကာ ၆၂ ပေရှိကြောင်း၊ ယင်းဖြစ်စဉ်အား သက်ဆိုင်ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြခိုင်းထားကြောင်း၊ ရွှေတိဂုံဘုရားကို ထိခိုက်နိုင်သည့် ဆောက်လုပ်မှုများနှင့် ဘုရားကြီးမြင်ကွင်း ကွယ်နိုင်စေမည့် ကိစ္စရပ်များကို ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဦးမိုးချစ်က ပြောကြားသည်။

“ဘုရားကြီးက ဘုရားပွင့်တော်မူတဲ့ အချိန်ကစပြီးတော့ နှစ်ပေါင်း ၂၆၀၆ နှစ်ရှိခဲ့ပါပြီ၊ ရင်ပြင်တော်ရဲ့ အကျယ်က ၁၄ ဧ ကပဲရှိပါတယ်။ ဝတ္တကမြေအကျယ်က ၁၁၄ ဧက ရှိပါတယ်။ ကျွန်တော်တို့က ၁၁၄ ဧကအတွင်းမှာ လိုအပ်တဲ့ ကြံ့ခိုင်မှုတွေ ဆောင်ရွက်နေပါတယ်။ စေတီတော်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် သဘာဝဘေးအန္တရာယ်ရော၊ လူလုပ်တဲ့ ဘေးအန္တရာယ်ရော ကာကွယ်ရမှာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ဆိုတာကတော့ ရန်ကုန်မြို့က စစ်ကိုင်းပြတ်ရွေ့ အနောက်ဘက် ၃၅ ကီလိုမီတာ အကွာအဝေးမှာ ရှိပါတယ်” ဟု ဦးမိုးချစ်က ပြောကြားသည်။

ရွှေတိဂုံစေတီတော်ကြီးအား မော်လမြိုင် ကျိုက်သလ္လံဘုရားကဲ့သို့ မြေပြိုမှုများ မဖြစ်ပွားစေရန် ရွှေတိဂုံဘုရား၏ ကြံ့ခိုင်မှုအတွက် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဇွန် ၂၄ ရက်တွင် ရွှေတိဂုံစေတီတော် ဂေါပကရုံးခန်းတွင် ပြုလုပ်သည့် ရွှေတိဂုံစေတီတော်နှင့် သိဂုၤတ္တရကုန်းမြေ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားထားသည်။

အဆိုပါ အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရွှေတိဂုံဂေါပကအဖွဲ့မှ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးပညာရှင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ပြီး အချက်သုံးချက် ကို အတည်ပြုခဲ့ကြောင်း သိရသည်။

ယင်း အချက်သုံးချက်သည် ရွှေတိဂုံစေတီတော် ကိုယ်လုံးတော်ကြံ့ခိုင်ရေး၊ ရင်ပြင်တော်တွင် မြေပြိုမှုများ မဖြစ်စေရန် လိုအပ်သည့်နေရာများတွင် ရေမြောင်းများ ပြုလုပ်ရန် နှင့် ဝတ္တကမြေ ၁၁၄ ဧကအား သန့်ရှင်းသာယာလှပရေးနှင့် စနစ်တကျရှိရေးတို့ကို ဆောင်ရွက်ရန် အတည်ပြုခဲ့ကြောင်း သိရသည်။

Most Read

Most Recent