MIC ဥက္ကဋ္ဌသစ်လက်ထက် စီးပွားရေးလုပ်ငန်းများအတွက် မလိုအပ်သည့်အဆင့်များလျှော့ချကာ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခွင့်ပြုမည်

MIC ဥက္ကဋ္ဌသစ်လက်ထက် စီးပွားရေးလုပ်ငန်းများအတွက် မလိုအပ်သည့်အဆင့်များလျှော့ချကာ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခွင့်ပြုမည်
Published 26 June 2018

MIC ဥက္ကဋ္ဌသစ် လက်ထက်တွင် စီးပွားရေးလုပ်ငန်းများအား ကန့်သတ်ချက်အနည်းဆုံး ဖြစ်စေရေးနှင့် မလိုအပ်သည့်အဆင့်များ လျှော့ချကာ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း ဇွန်၂၅ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ရှေ့လျှောက်မှာလည်း လုပ်ငန်းတွေကို မြန်သထက်မြန်အောင် မလိုလားအပ်တဲ့ အဆင့်တွေ လျှော့ချပြီး ပိုပြီးမြန်ဆန်သွက်လက်လာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက စီးပွားရေးလုပ်ငန်း တွေနဲ့ပတ်သက်ပြီး ကန့်သတ်ချက်များ နည်းနိုင်သမျှနည်းအောင် လုပ်ထုံးလုပ်နည်းတွေမှာလည်း လွယ်သထက်လွယ်အောင် ရှင်းသထက်ရှင်းအောင် ဆက်လက်ပြီး ဥပဒေအရ ခွင့်ပြုထားသည့်ဘောင်အတွင်းမှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ဥက္ကဋ္ဌသစ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ ဆောင်ရွက်ပြီး  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဆက်အောင်ကို အဖွဲ့ဝင်အဖြစ် ထပ်မံဖြည့်စွက်ကာ ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“ဥက္ကဋ္ဌသစ်အနေနဲ့ ပြီးခဲ့တဲ့သောကြာနေ့မှာ ရန်ကုန်မှာ Melia Hotel မှာ သြစတြေးလျကုန်သည်ကြီးများအသင်း၊ အမေရိကန် ကုန်သည်ကြီးများအသင်း၊ ဗြိတိသျှကုန်သည်ကြီးများအသင်း၊ ဥရောပကုန်သည်ကြီးများ အသင်းစသည့် အသင်းလေးခုမှ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံပြီး MIC ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များကိုလည်း အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး ဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

“MIC  အနေနဲ့ ခေါင်းပိုင်းအပြောင်းအလဲလုပ်ပြီးတော့ ပြင်ဆင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဆက်လုပ်သွားမယ့် လုပ်ငန်းစဉ်တွေထဲမှာ ပထမဆုံး တစ်ချက်က လုပ်ငန်းစဉ်တွေ ပိုပြီးမြန်မြန်ဆန်ဆန်ဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဥပဒေအရ အဆိုပြုလွှာတစ်ခုကို နိုင်ငံခြားသားဖြစ်စေ၊ နိုင်ငံသားဖြစ်စေ MIC  သို့ တင်ပြလာပါက အဆိုပြုလွှာစတင်လက်ခံသည့် ရက်မှစတင်ပြီး ရက်ပေါင်း ၆၀ အတွင်း အစည်းအဝေးတင်ကာ အဆုံးအဖြတ်ပေးရခြင်းဖြစ်ကြောင်း၊ အဆိုပါအစည်းအဝေးမှ သဘောတူကြောင်းဆုံးဖြတ်ပါက ယင်းရက်မှ ၁၀ ရက်အတွင်း ခွင့်ပြုမိန့်များအား လုပ်ငန်းရှင်များသို့ ထုတ်ပေးရကြောင်း သိရသည်။

အတည်ပြုလွှာများနှင့်ပတ်သက်၍မူ အတည်ပြုလွှာတင်ပြပြီး ရက်ပေါင်း ၃၀ အတွင်း အပြီးစိစစ်ပေးရကြောင်း၊ သဘောတူကြောင်း ဆုံးဖြတ်ပြီးပါက ဆုံးဖြတ်သည့်ရက်မှ ၁၀ ရက်အတွင်း အတည်ပြုမိန့်များ ထုတ်ပေးလေ့ရှိကြောင်း သိရသည်။

လက်ရှိတွင်မူ MIC ဥက္ကဋ္ဌသစ်၏ လမ်းညွှန်ချက်အရ အဆိုပြုလွှာများကို ရက်ပေါင်း ၆၀ သတ်မှတ်ထားသော်လည်း ရက် ၆၀ ထက် ပိုမြန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ အတည်ပြုလွှာထုတ်ပေးသည့် လုပ်ငန်းများကိုလည်း ရက်ပေါင်း ၃၀ သတ်မှတ်ထားသော်လည်း ရက် ၃၀ ထက် စောလျင်စွာထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ လုပ်ဆောင်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးများကို တစ်လတစ်ကြိမ်သာ ကျင်းပနေရာမှ လာမည့်ဇူလိုင်လမှစတင်ပြီး တစ်လလျှင် နှစ်ကြိမ်စီကျင်းပကာ တင်ပြလာမည့် အဆိုပြုလွှာ၊အတည်ပြုလွှာများကို လျင်မြန်စွာစိစစ်ပြီး ထုတ်ပေးမည်ဖြစ်ကြောင်း၊ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ထုတ်ပေးရန် သဘောတူညီပြီးနောက်တွင်လည်း ၁၀ ရက် အချိန်မယူတော့ဘဲ အမြန်ဆုံး ထုတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ရွေးချယ်ခန့်အပ်ရာတွင်  ဥပဒေအရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးသာ ခန့်အပ်ရမည်ဟု ပြဋ္ဌာန်းထားခြင်းမရှိကြောင်းနှင့် နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ရွေးချယ်ခန့်အပ်၍ရကြောင်း သိရသည်။

Most Read

Most Recent