မတ္တရာမြို့နယ်တွင် ပျောက်ဆုံးရှေးဟောင်း ကြေးဆင်းတုတော်များအကြောင်း စုံစမ်းပေးရန် တိုင်ကြားသူများကို ဘုရားဂေါပကအဖွဲ့က အသရေဖျက်မှုဖြင့် တရားစွဲဆိုမှုအပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်

မတ္တရာမြို့နယ်တွင် ပျောက်ဆုံးရှေးဟောင်း ကြေးဆင်းတုတော်များအကြောင်း စုံစမ်းပေးရန် တိုင်ကြားသူများကို ဘုရားဂေါပကအဖွဲ့က အသရေဖျက်မှုဖြင့် တရားစွဲဆိုမှုအပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်
Published 26 June 2018

မတ္တရာမြို့နယ်အတွင်းရှိ ရှေးဟောင်း ကြေးဆင်းတုတော်များ ပျောက်ဆုံးနေမှုကို စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားသူများအား ဘုရားဂေါပကအဖွဲ့က အသရေဖျက်မှုဖြင့် အမှုဖွင့်တရားစွဲဆိုမှုအပေါ် တိုင်ကြားသူများက ဇွန် ၂၅ ရက်တွင် မန္တလေးမြို့ မီဒီယာစင်တာ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“ရှေးဟောင်းကြေးဆင်းတုတော်တွေ ပျောက်ဆုံးနေတာကို ပြန်လည်ပင့်ဆောင်ချင်လို့ တိုင်ကြားခဲ့တာပါ။ အထွေထွေအုပ်ချုပ်ရေးမှူးဆီကို ရှေးဟောင်းဆင်းတုတော်ကို ပြန်လည်ဖော်ထုတ်ပေးဖို့ တင်ပြခဲ့ပါတယ်။ အဲဒီလိုတင်ပြတဲ့အခါ အုပ်ချုပ်ရေးမှူးက လုပ်မပေးတဲ့အတွက် ဆည်တော်လေး နယ်မြေရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ အဲဒီလို တိုင်ကြားပြီးတဲ့အခါ သက်ဆိုင်ရာတွေက ဘုတ်အဖွဲ့ဖွဲ့ပြီး ပြန်လည်ပင့်ဆောင်ပေးပါ့မယ်ဆိုပြီးကတိနဲ့ ကျွန်တော့်ကို အသိပေး လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ အဲဒါစောင့် လိုက်တာ မန္တလေးတိုင်းရဲမှူးကြီးဆီ ထပ်ဆင့်တိုင်ကြားခဲ့ပါတယ်။ တိုင်ကြားပြီး တစ်ပတ်အလွန်မှာ ဘာမှ အရေးယူခြင်းမရှိတာကြောင့် ပြည်ထောင်စုဝန်ကြီးဆီ ထပ်ပြီးတင်ပြတိုင် ကြားခဲ့ပါတယ်။ အဲဒါလည်း အခုချိန်အထိဘာမှ ဖော်ထုတ်ပေးခြင်း မရှိပါဘူး” ဟု မတ္တရာမြို့နယ် အထက်တောင်ကိုင်းအုပ်စု ချောင်းပေါင်းကျေးရွာနေ ဦးညွန့်တင်က ဆိုသည်။

ရှေးဟောင်း ကြေးဆင်းတုတော်တစ်ဆူကို မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ဖိုးလေးလုံးကျေးရွာသို့ ပျံလွန်တော်မူပြီးဖြစ်သော ချောင်းပေါက်ကျေးရွာ ဆရာတော် ဦးဝါသဝအား ရည်စူးကမ္ပည်းထိုးကာ ရှစ်မျက်နှာဘုရား တည်ထားကိုးကွယ်ရန် လှူဒါန်းလိုက်ကြောင်း၊ သို့သော် ချောင်းပေါက်ကျေးရွာသို့ သွားရောက်စုံစမ်းရာတွင် ရှစ်မျက်နှာ ဘုရားတည်ထားခဲ့ခြင်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သောကြောင့် ယခုကဲ့သို့ တိုင်ကြားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးခဲ့သည့် ရှေးဟောင်းကြေးဆင်းတုတော်များမှာ မတ္တရာမြို့နယ် အထက်တောင်ကိုင်းအုပ်စု ချောင်းပေါင်းကျေးရွာ သာသနာ့ဝိပုလကာရီကျောင်းရီအတွင်း တည်ထားကိုးကွယ်သည့် ဆင်းတုတော်များဖြစ်ကြောင်း သိရသည်။

Most Read

Most Recent