ဘင်္ဂါလီအကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် နံ့သာတောင်ကျေးရွာနှင့် နံ့သာတောင်ပရဟိတကျောင်းမှ ကလေးငယ်များ မောင်တောမြို့၌ ဆက်လက်ခိုလှုံနေရ

ဘင်္ဂါလီအကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် နံ့သာတောင်ကျေးရွာနှင့် နံ့သာတောင်ပရဟိတကျောင်းမှ ကလေးငယ်များ မောင်တောမြို့၌ ဆက်လက်ခိုလှုံနေရ
Published 26 June 2018

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် နံ့သာတောင် ကျေးရွာနှင့် နံ့သာတောင် ပရဟိတကျောင်းကို ဘုန်းတော်ကြီးကျောင်း ပြန်လည်တည်ဆောက်မှု နှောင့်နှေးနေသည့်အတွက် နံ့သာတောင် ပရဟိတပညာဒါနကျောင်းမှ ကလေးငယ်များ နေရပ်မပြန်နိုင်သေးဘဲမောင်တောမြို့တွင် ဆက်လက်ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။

နံ့သာတောင် ပရဟိတပညာဒါနကျောင်း ဆရာတော် ဦးစာရာဏက “နံ့သာတောင်မှာ ဆောက်လုပ်ရေးကဏ္ဍတွေ မပြီးနိုင်တာက တစ်ကြောင်း၊ နောက်ပြန်လည်ထူထောင်ရေး ကာလမှာလည်း ကျေးရွာပြန်လည်ထူထောင် ရေးလုပ်ငန်းတွေမှာလည်း အစိုးရအနေနဲ့ အကောင်အထည် ဘာမှမဖော်နိုင်တဲ့အတွက်တာကြောင့် မောင်တောမြို့မဘုန်းတော်ကြီး ကျောင်းမှာပဲ ကလေးတွေ ပညာသင်နေရတယ်” ဟု မိန့်ကြားသည်။

၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကျောင်းသားဦးရေမှာ ယခင်နှစ်ကထက် တိုးလာပြီး ကျောင်းသား၊ ကျောင်းသူဦးရေ ၄၀၀ နီးပါးအထိ ရှိလာကာ နေရေး၊ စားရေးသောက်ရေး အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

“အခု ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာဆိုရင် ကျောင်းသားဦးရေလည်း တိုးလာတယ်။ ကျောင်းသားဦးရေ ၄၀၀ နီးပါးအထိဖြစ်နေပြီ။ ဒါကြောင့် နံပါတ် (၁) နေရေး၊ နံပါတ်(၂) စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုန်ခဲ့တဲ့နှစ်ကဆိုရင်တော့ အလှူရှင်တွေလည်း အမြဲတမ်းရှိခဲ့တော့ ကောင်းကောင်းမွန်မွန် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်ကျောင်းဖွင့်ရာသီမှာကျတော့ အလှူရှင်တွေ နည်းသွားတဲ့အပေါ်မှာလည်း လိုအပ်ချက်တွေ ရှိနေတာဖြစ်ပါတယ်။ အဓိက,ကတော့ စားရေးသောက်ရေး အခက်အခဲ ဖြစ်နေပါတယ်။ အခုဆိုရင် တည်ဆောက်ရေးကာ လမှာလုပ်ဆောင်ချက်တွေ နှောင့်နှေးနေတဲ့ အခါကျောင်းသားမိဘတွေလည်း နေရပ်ကို နွေးနွေးထွေးထွေး မပြန်နိုင်ကြဘဲ ဆွေမျိုးတွေဆီမှာ ကပ်ခိုပြီးနေရတဲ့အခါ သားသမီးတွေရဲ့ပညာရေးအတွက် မိဘတွေအတွက် အခက်အခဲရှိပါတယ်။ ဒါကြောင့် ပရဟိတကျောင်းကို ဆင်းရဲနွမ်းပါးမိဘတွေက ကလေးတွေကိုလာပြီး အပ်လာခဲ့တာဖြစ်ပါတယ်” ဟု နံ့သာတောင် ပရဟိတပညာဒါနကျောင်း ဆရာတော်က မိန့်ကြားသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၈ ရက်တွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက နံ့သာတောင်ကျေးရွာရှိ တိုင်းရင်းသား နေအိမ် ၃၇ လုံး မီးရှို့ခဲ့ကာ နံ့သာတောင် ပရဟိတစာသင်ကျောင်း ဂြိုဟ်နံဘုရားရှိ ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရပြီး ဘုန်းကြီးကျောင်းအတွင်း ကျောင်းသားအဆောင်များအားလုံး မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသော နံ့သာတောင်ပရဟိတ ဘုန်းတော်ကြီးကျောင်းကို ပြန်လည်တည်ဆောက်ရန် ပန္နက်ရိုက်မင်္ဂလာအခမ်း အနားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့ကြောင်းနှင့် ဒီဇင်ဘာ ၃ ရက်တွင် ကျောင်းတိုင်ထူပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ ထို့ပြင် ကျေးရွာတွင်လည်း နေအိမ်အလုံး ၅၀ တည်ဆောက်ရန် မြေနေရာများအား ရှင်းလင်းပြီးဖြစ်သော်လည်း နေအိမ်ဆောက်လုပ်မှု မရှိသေးသည့်အတွက် ကျေးရွာသားများ နေရပ်မပြန်နိုင်သေးခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent