မန္တလေးမြို့၌ ပဲကုန်သည် ခြောက်ဦးက ကျပ်သိန်းပေါင်းထောင်ချီ လိမ်လည်၍ ထွက်ပြေးတိမ်းရှောင် သွားကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်သတင်း မဟုတ်မှန်ကြောင်း ကုန်သည်များ ပြောကြား

မန္တလေးမြို့၌ ပဲကုန်သည် ခြောက်ဦးက ကျပ်သိန်းပေါင်းထောင်ချီ လိမ်လည်၍ ထွက်ပြေးတိမ်းရှောင် သွားကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်သတင်း မဟုတ်မှန်ကြောင်း ကုန်သည်များ ပြောကြား
Published 24 August 2017

မန္တလေးကုန်စည်ဒိုင်တွင် ရောင်းဝယ်နေမှုကို သြဂုတ် ၂၃ ရက်က တွေ့ရစဉ်

မန္တလေးမြို့တွင် ပဲကုန်သည် ခြောက်ဦးက ကျပ်သိန်းပေါင်းထောင်ချီ လိမ်လည်၍ ထွက်ပြေးတိမ်းရှောင် သွားကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ကုန်သည်များထံမှ သိရသည်။

မန္တလေးမြို့ အပါအဝင် မုံရွာ၊ ပခုက္ကူ၊ တောင်တွင်းကြီးနှင့် ကျောက်ပန်းတောင်မြို့များ၌ ပဲကုန်သည်များက ကျပ်သိန်းပေါင်းထောင်ချီ လိမ်လည်၍ ထွက်ပြေးတိမ်းရှောင်သွားကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်အပေါ် ပဲကုန်သည် အသိုင်းအဝိုင်းက အဆိုပါ သတင်းမှာ သတင်းအမှားသာ ဖြစ်ကြောင်း ပြောကြားသည်။

“အခု အွန်လိုင်းမှာ လူပြောများနေတဲ့ လူခြောက်ယောက်က ပဲစင်းငုံဖိုး အခက်အခဲနှင့် ထွက်ပြေးတယ်လို့ သတင်းတွေက ပျံ့နှံ့နေတဟ်။ ဒါက သတင်းအမှားကြီး ဖြစ်ပါတယ်။ မန္တလေးမှာ သူများဟာကို မပေးနိုင်လို့ ဒီလိုထွက်ပြေးစရာ အကြောင်းမရှိပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ မန္တလေးမှာ အထိုက်အလျောက် ရှိခဲ့ပါတယ်။ သုံးယောက်၊ လေးယောက် အဲဒါဟာကလည်း သူအကြောင်းနဲ့သူပေါ့။ အခုအိန္ဒိယကနေ အရောင်းအဝယ် ပိတ်လိုက်လို့ ရန်ကုန်မှာရော၊ မန္တလေးရော၊ အခြားနယ်တွေရော ပဲစင်းငုံထွက်တဲ့ဒေသ၊ လှောင်တဲ့ဒေသတွေမှာ အခက်အခဲတွေ ဖြစ်နေတာတော့ မှန်ပါတယ်။ ဒီလောက်အထိ အခြေအနေ ဆိုးဆိုးရွားရွားဖြစ်လို့ ထွက်ပြေးတယ် ဆိုတာတော့ လုံးဝယုတ္တိ မရှိပါဘူး။ ဒါက သတင်းအမှား ဖြစ်ပါတယ်” ဟု  မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောကြားသည်။

မန္တလေးမြို့ကုန်စည်ဒိုင် အနေဖြင့် ငွေရေး၊ ကြေးရေး အခက်အခဲနှင့် ပြဿနာများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ထားကြောင်း၊ ကြိုရောင်း၊ ကြိုဝယ် မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက ၁၀ ရာခိုင်နှုန်း စပေါ်တင် ပြုလုပ်ကြရန် ကြော်ငြာထားသဖြင့် မန္တလေးမြို့ ကုန်စည်ဒိုင် အနေနှင့် ငွေရေး၊ ကြေးရေး  ပတ်သက်သည့် ပြဿနာများ လတ်တလော အခြေအနေအထိ မဖြစ်ပွားသေးကြောင်း မန္တလေးတိုင်းဒေသကြီး ပဲနှမ်းအသင်း ဥက္ကဋ္ဌ ဦးချွန် (ခ) ဦးညွန့်ဝေက ပြောကြားသည်။

“မန္တလေးနဲ့ ကျန်တဲ့ဒေသတွေကတော့ ကျွန်တော် မကြားမိသေးပါဘူး။ မန္တလေး ကုန်စည်ဒိုင်မှာ ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ လောလောဆယ် အနေအထားအထိ တစ်ဦးတစ်ယောက်မျှ၊ တစ်ကြိမ်မျှ မဖြစ်ခဲ့သေးပါဘူး။ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ မန္တလေးက သုံးဦးလောက် ဒီလိုပဲ ပဲစင်းငုံဈေး ကျပ် ၄၅၀၀၀ ကနေ ကျပ် ၈၀၀၀၀ ဖြစ်သွားတဲ့ အခါမှာ ရောင်းတဲ့သူတွေက မအပ်နိုင်တော့ဘဲ အပြောင်းအလဲ ဖြစ်သွားတယ်။ ကြိုရောင်း၊ ကြိုဝယ်ဖြစ်တဲ့ ကိစ္စတွေမှာပေါ့ မန္တလေးက ဖြစ်ဖူးပါတယ်။ မနှစ်က တစ်ကြိမ်လည်း ဖြစ်ခဲ့ဖူးတယ်။ မနှစ်ကဖြစ်တဲ့ မန္တလေးက တစ်ဦးကလည်း ကုလားပဲဈေး ကျပ် ၆၀၀၀ လောက်ကနေ ကျပ် ၉၀၀၀၀၊ ကျပ် ၁၂၀၀၀၀ အထိ ဖြစ်သွားတဲ့အခါမှာ တက်သွားတဲ့ဈေးတွေမှာ ဖြစ်တာများပါတယ်။ တက်ဈေးကနေ ကျသွားလို့ ဝယ်သူပြေးတာထက် ဈေးနည်းမှာ ရောင်းပြီးတော့မှ တက်ဈေးမှ မတက်နိုင်လို့ ဖြစ်ကြတဲ့ ပြဿနာလေးတွေက များပါတယ်။ ဝယ်သူပြေးတာထက် ရောင်းသူပြေးတာ များပါတယ်” ဟု ပဲနှမ်းအသင်းဥက္ကဋ္ဌ ဦးချွန် (ခ) ဦးညွန့်ဝေက ပြောကြားသည်။

မန္တလေးမြို့ ကုန်စည်ဒိုင်အနေဖြင့် ငွေရေး၊ ကြေးရေးအခက်အခဲနှင့် ပြဿနာများ မဖြစ်ပွားအောင် ရှေ့နေလေးဦးဖြင့် ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းထားကြောင်း၊ ကြိုရောင်း၊ ကြိုဝယ်ပြုလုပ်ပါက ရောင်းသူ၊ ဝယ်သူမှ စပေါ်ငွေ ၁၀ ရာခိုင်နှုန်းတင်ပြီး စာချုပ် ချုပ် အလုပ်လုပ်ကြရန် ကြော်ငြာထားကြောင်း၊ မန္တလေးမြို့ ကုန်စည်ဒိုင်အတွင်း ဖြစ်ပွားသော ပြဿနာများကို မန္တလေးမြို့ ကုန်စည်ဒိုင်ရှိ ရောင်းသူ၊ ဝယ်သူ ညှိနှိုင်းရေး အဖွဲ့မှ တာဝန်ယူ ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မန္တလေးမြို့ ကုန်စည်ဒိုင် ပြင်ပတွင် ပြုလုပ်သည့် အရောင်းအဝယ် ပြဿနာကိုမူ  ကုန်စည်ဒိုင် အနေဖြင့် တာဝန်ယူဖြေရှင်း ပေးသွားမည် မဟုတ်ကြောင်း မန္တလေးမြို့ကုန်စည်ဒိုင်မှ သိရပြီး မန္တလေးမြို့ ကုန်သည်ပွဲစား စက်ပိုင်များက ထိန်တော်အသင်းသည် သက်တမ်း ၈၃ နစ်ကျော်ရှိပြီဖြစ်သည်။

 

Most Read

Most Recent