EU နှင့် ကနေဒါတို့က ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ မြန်မာစစ်ဘက် ထိပ်တန်း တာဝန်ရှိသူ ငါးဦး အပါအဝင် ခုနစ်ဦးအား ပိတ်ဆို့အရေးယူမှုများ ချမှတ်

EU နှင့် ကနေဒါတို့က ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ မြန်မာစစ်ဘက် ထိပ်တန်း တာဝန်ရှိသူ ငါးဦး အပါအဝင် ခုနစ်ဦးအား ပိတ်ဆို့အရေးယူမှုများ ချမှတ်
Published 26 June 2018

ဘင်္ဂါလီမွတ်စလင် (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြထား။) အကျပ်အတည်းနှင့် ပတ်သက်၍ ဥရောပသမဂ္ဂ (EU) နှင့်ကနေဒါတို့က မြန်မာစစ်ဘက် ထိပ်တန်းတာဝန်ရှိသူ ငါးဦး အပါအဝင် ခုနစ်ဦးအား ပိတ်ဆို့အရေးယူမှုများ ချမှတ်ကြောင်း ဇွန် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အရေးယူခံရသူများသည် လူသတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု တို့အပါအဝင် လူ့အခွင့်အရေးဆိုးရွားစွာ ချိုးဖောက်မှုများ ကျူးလွန်ခဲ့ကြကြောင်း ဥရောပသမဂ္ဂက စွပ်စွဲခဲ့သည်။

ပိတ်ဆို့ အရေးယူမှုများ ချမှတ်ခံရသူများမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်၂၀၁၆ ခုနှစ် အောက်တိုဘာမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာအထိ တာဝန်ယူခဲ့သည့် ဗိုလ်ချုပ် မောင်မောင်စိုး၊ ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများတွင် ပါဝင်သည့် ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်ချုပ် ခင်မောင်စိုး၊ နယ်ခြားစောင့် တပ်ဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သည့် ရဲမှူးချုပ် သူရစန်းလွင်နှင့် ရဲချုပ်သန့်ဇင်ဦးတို့ ဖြစ်သည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများက လူဇင်ဘတ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဘင်္ဂါလီ အကျပ်အတည်းတွင် ပါဝင်ခဲ့သည့် ၎င်းတို့၏ အခန်းကဏ္ဍများအတွက် ခရီးသွားလာမှု ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုအား ထိန်းချုပ်ခြင်းတို့ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုပိတ်ဆို့ အရေးယူခံရသူများသည် ၂၀၁၇ ခုနှစ် ဒုတိယနှစ်ဝက်တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ မွတ်စလင်များအား ရက်စက်ကြမ်းကြုတ်မှု၊ လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်မှုများ ကျူးလွန်မှု၌ ပါဝင်ပတ်သက်ခဲ့ကြောင်း ဥရောပသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကနေဒါနိုင်ငံက ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်ပြီး ကနေဒါနိုင်ငံခြားရေးဝန်ကြီး Chrystia Freeland က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း AFP ၏ သတင်းတွင် ဖော်ပြထားသည်။

ယင်းသို့ ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှုများ ချမှတ်သည်ဟု ကြေညာအပြီး မရှေးမနှောင်းမှာပင် မြန်မာတပ်မတော်ဘက်မှ ပိတ်ဆို့အရေးယူမှုခံရသည့် တပ်မတော် အရာရှိနှစ်ဦးနှင့် ပတ်သက်ပြီး သတင်းထုတ် ပြန်ချက်တစ်ခုအား ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနှစ် မတ် ၆ ရက်တွင် ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ အဓိက တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်ရသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအား ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ၎င်း၏လုပ်ဆောင်ချက်များတွင် အားနည်းချက်များ ရှိနေသဖြင့် ဆက်လက်တာဝန်ထမ်းဆောင်ခွင့် ရပ်နားခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင် အရန်အင်အားစာရင်း တင်သွင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရန်စာရင်း တင်သွင်းသည့် ဗိုလ်ချုပ် မောင်မောင်စိုး၏ တိုင်းမှူးတာဝန် ထမ်းဆောင်စဉ် ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်မှ အရန်စာရင်း တင်သွင်းသည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၀ ရက်အထိ ကာလအတွင်း ဆောင်ရွက်ခဲ့မှု မှတ်တမ်းများအား စိစစ်ချက်အရ ရခိုင်ပြည်နယ် နယ်မြေတစ်ခုလုံး၏ စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများ၊ အထက်ဌာနမှ ချပြသတင်းများအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု မှတ်တမ်းများအပါအဝင် မူလတိုင်းမှူး တစ်ဦး၏ တာဝန်ဝတ္တရားများအပေါ် မူဝါဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများတွင် သာမန်အချိန်အတွင်း ဆောင်ရွက်နိုင်မှု အားနည်းချက် မတွေ့ရှိရသော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် ဖြစ်စဉ်နှင့် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာလ ၅ ရက်အထိ ဖြစ်စဉ်များ အတွင်း ဘင်္ဂါလီ အကြမ်းဖက်သမား အများစုနှင့် ARSA ဘင်္ဂါလီ အကြမ်းဖက်သမားများ အပါအဝင် ဘင်္ဂါလီအကြမ်းဖက် လူအုပ်စုကြီးများက ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသားများနှင့် ပတ်သက်၍ လည်းကောင်း၊ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေး တာဝန် ထမ်းဆောင်နေသော တပ်မတော်သား၊ မိသားစုဝင်များနှင့် ပတ်သက်၍ လည်းကောင်း၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပါအဝင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပတ်သက်၍ လည်းကောင်း၊ အင်အားသုံး၍ ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်နေမှုအပေါ် သတင်းလက်ဦးမှု ရယူ၍ လိုအပ်သလို စီမံဆောင်ရွက်နိုင်မှု အားနည်းခြင်း၊ ချပြသတင်းအပေါ် လက်အောက်ခံ တပ်၊ ရဲ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် နယ်မြေရှင်းလင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အားနည်းခြင်း၊ လက်တွေ့အကြမ်းဖက် ဖြစ်စဉ်များ ဖြစ်ပွားရာတွင် နယ်မြေအတွင်းရှိ တပ်၊ ရဲများအား လိုအပ်သလို အချိန်မီ အကူအညီ ရရှိရေး၊ လုံခြုံရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများ စီမံနိုင်ခဲ့သော်လည်း ကြိုတင်စီမံရန် အားနည်းခြင်း စသည့် အရေးပေါ်အချိန် တာဝန်ထမ်းဆောင်မှု၌ တာဝန်ရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် အရန်အင်အားစာရင်း တင်သွင်းထားသည့် ကြည်း ၁၉၅၇၁ ဗိုလ်ချုပ် မောင်မောင်စိုးအား ဇွန် ၂၅ ရက် (ယနေ့) တွင် တပ်မတော်မှ နှုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်များအတွင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၌လည်း အထက်ဌာနများ၏ မူဝါဒများကို အနီးကပ် ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားမှုအပေါ် စီမံဆောင်ရွက်ရာ၌ လိုအပ်ချက်များ ရှိခဲ့ရာ အထိုက်အလျောက် တာဝန်ရှိသည့်အပြင် အရာရှိကြီး၏ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုကြောင့် မူလပေးအပ်ထားသည့် တာဝန်မှ အခြားတာဝန် တစ်ခုသို့ လွှဲပြောင်းထမ်းဆောင်စေခဲ့သော်လည်း အရာရှိကြီး အနေဖြင့် ကျန်းမာရေး ပိုမိုအားနည်းလာခြင်းကြောင့် တာဝန်ထမ်းဆောင်မှု အပိုင်းတွင် အားနည်းချက် အချို့ကို ထပ်မံတွေ့ရှိရပြီး၊ မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့် တင်ပြလာသဖြင့် မေ ၂၂ ရက်တွင် တပ်မတော်မှ မိမိသဘော ဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent