အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား လမ်းနှစ်လမ်းဖြင့် စောင့်ကြည့်ထိန်းညှိနေပြီး လွှတ်တော်ကိုယ်စားလှယ်များကိုလည်း စောင့်ကြည့်ထိန်းကျောင်းနေကြောင်း NLD ပါတီ တာဝန်ရှိသူများ ပြောကြား

အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား လမ်းနှစ်လမ်းဖြင့် စောင့်ကြည့်ထိန်းညှိနေပြီး လွှတ်တော်ကိုယ်စားလှယ်များကိုလည်း စောင့်ကြည့်ထိန်းကျောင်းနေကြောင်း NLD ပါတီ တာဝန်ရှိသူများ ပြောကြား
Published 26 June 2018

အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား လမ်းနှစ်လမ်းဖြင့် စောင့်ကြည့်ထိန်းညှိနေပြီး လွှတ်တော်ကိုယ်စားလှယ်များကိုလည်း စောင့်ကြည့်ထိန်းကျောင်းမှုများပြုလုပ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြောရေးဆိုခွင့်ရှိသူများက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ဇွန် ၂၃ ရက်နှင့် ၂၄ အထိ ပြုလုပ်ခဲ့ပြီးနောက် ညီလာခံနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်များနှင့်ပတ်သက်၍ ပါတီပြောရေးဆိုခွင့်ရှိသူများက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဝန်ကြီးတွေနဲ့ပတ်သက်ရင် ကျွန်တော်တို့က လမ်းနှစ်လမ်းကနေ စောင့်ကြည့်ထိန်း ညှိပါတယ်။ ခေါ်ယူဆွေးနွေးတာ၊ ညှိနှိုင်းတာ ရှိပါတယ်။ အကယ်၍ အဲဒီဝန်ကြီးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီဝင်ဖြစ်ရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာဌာနကခေါ်ယူပြီးတော့ သူ့ရဲ့လုပ်ရပ်တွေကို ကျွန်တော်တို့ ဆန်းစစ်တာ၊ သူ့မှာမှားယွင်းနေတာရှိရင် တည့်မတ်ပေးတာ၊ လိုအပ်ခဲ့ရင် သတိပေးတာ၊ အရေးယူတာအထိ ကျွန်တော်တို့လုပ်နေပါတယ်” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ထို့အတူ ပါတီဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်ကလည်း ဝန်ကြီးများ၏ လုပ်ဆောင်ရည်များနှင့်ပတ်သက်၍ လွှတ်တော်မှ သုံးသပ်ခြင်း၊ မေးခွန်းမေးမြန်းခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ NLD ပါတီဝင်ဖြစ်သည့် ဝန်ကြီးများအားပါတီ၏ စည်းကမ်းထိန်းသိမ်းရေးအရ သတိပေးမှုများရှိကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်ပတ်သက်၍လည်း ပါတီအတွင်းအကဲဖြတ် မှတ်တမ်းများရှိကြောင်း ပြောကြားသည်။

“ဝန်ကြီးတွေလုပ်ရပ်တွေနဲ့ပတ်သက်လို့ လွှတ်တော်ကနေပြီးတော့ သုံးသပ်တာတွေ၊ မေးခွန်းမေးတာတွေ ရှိပါတယ်။ ပြီးရင် အဲဒီမေးခွန်းသုံးသပ်တာတွေအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ တိုင်ကြားစာကို တင်တယ်ဆိုရင် ပါတီဝင်ဖြစ်တဲ့ ဝန်ကြီးတွေ ဆိုပါတီစည်းကမ်းထိန်းသိမ်းရေးအရ သတိပေးတာတွေ ရှိပါတယ်။ မျက်မှောက်မှာလည်း သိပြီးသားပါပဲ။ ကျွန်တော်တို့ တိုင်းဒေသကြီးအဆင့် ဝန်ကြီးချုပ်တွေပဲ အပြောင်းအလဲလုပ်တာပါ။ မြင်ပြီးနေပါပြီ။ ဒါက ဘာဖြစ်လို့လဲဆိုရင် အကဲဖြတ်တာက ကျွန်တော်တို့ပါတီက အကဲဖြတ်တာ မဟုတ်ပါဘူး။ လွှတ်တော်ကလည်း သုံးသပ်ပါတယ်။ တိုင်ကြားစာတွေ ရှိတော့မှသာလျှင် ကျွန်တော်တို့က ဒီဝန်ကြီးတွေကို လုပ်ထုံးလုပ်နည်းအဆင့်ဆင့်နဲ့အညီ အရေးယူခြင်း ဖြစ်ပါတယ်။ နေရာတကာမှာ အကဲဖြတ်တာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် တို့ယူထားတဲ့ အကဲဖြတ်မှတ်တမ်းတွေ ရှိပါတယ်။ အဲဒါကတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ရင် ကျွန်တော်တို့ NLD ပါတီမှာ အကဲဖြတ်မှတ်တမ်းလေး ရှိပါတယ်။  လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီကလည်း ထိန်းကျောင်းပါတယ်။ ပါတီမှာ စည်းကမ်းထိန်းသိမ်းရေးကို အဆင့်ဆင့် ခိုင်မာအောင် ပြန်လုပ်ပါတယ်။ ဗဟိုမှာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရှိပါတယ်။ ဒေါက်တာမျိုးညွန့်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ပတ်သက်ပြီးတော့ သီးသန့်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖြစ်ပါတယ်။ ပြောရရရင်တော့ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကိုရော အစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း စောင့်ကြည့်နေပါတယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်သည့် တိုင်ကြားစာ နှစ်နှစ်အတွင်း ၃၅၀ ကျော်ရှိပြီး အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် တိုင်စာများလည်း အနည်းငယ်ရှိကြောင်း NLD ပါတီ၏ တိုင်ကြားစာကော်မတီ ဌာနတာဝန်ခံ၊ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားထားသည်။

Most Read

Most Recent