တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ထိုင်းနိုင်ငံ၌ တွေ့ဆုံဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ထိုင်းနိုင်ငံ၌ တွေ့ဆုံဆွေးနွေး
Published 26 June 2018

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဂုဏ်ပြုတပ်ဖွဲ့အား ကြည့်ရှုစစ်ဆေးနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ထိုင်းနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tranchaiyan Srisuwan တို့ ဇွန် ၂၅ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံသည် ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာနှင့် သွင်ပြင်လက္ခဏာများ တူညီမှုရှိပြီး အိမ်နီးချင်းကောင်းနိုင်ငံများအဖြစ် တည်ရှိနေမှုအခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြင့်ခိုင်မာရေးအတွက် အားကစားပြိုင်ပွဲများ၊ စိုက်ပျိုးရေး၊ ဆေးဘက်ပညာနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း၊ သင်တန်းများစေလွှတ်ခြင်းဆိုင်ရာများ ဆောင်ရွက်နေမှုနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အဆင့်အလိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီလမ်း ကြောင်းပေါ်တွင် လျှောက်လှမ်းမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြားချစ်ကြည်ရင်း နှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရေး ဆောင်ရွက်ရမည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ် (ကြည်း၊ ရေ၊ လေ) လက်ရုံး တပ်ဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Jukr Boon- Long ၊ ထိုင်းဘုရင့်ရေတပ်စစ်သံမှူး၊ လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်းတပ်မတော်လေဆိပ် (Wing – 6) သို့ရောက်ရှိရာ ထိုင်းဘုရင့်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ် Gen.Ponpipaat Benyasri နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ယခုခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းနိုင်ငံရှိ နယ်ဘက်စစ်ဘက် ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခြင်းများဆောင်ရွက်ပြီး အထင်ကရနေရာများအား လှည့်လည်ကြည့်ရှု လေ့လာသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွင် ဇနီးဒေါ်ကြူကြူလှနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent