၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ အစည်းအဝေးများ နေပြည်တော်၌ ယနေ့ စတင်ပြုလုပ်မည်

၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ အစည်းအဝေးများ နေပြည်တော်၌ ယနေ့ စတင်ပြုလုပ်မည်
Published 26 June 2018

ကဏ္ဍအလိုက် လုပ်ငန်းကော်မတီအစည်းအဝေးများ ပြုလုပ်ရန် ဇွန် ၂၅ ရက်က
UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးပြုလုပ်နေစဉ် (ဓာတ်ပုံ-နေရိုင်း)

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) က ဖွဲ့စည်းထားသည့် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ၏ အစည်းအဝေးများကို ယနေ့ (ဇွန် ၂၆ ရက်) တွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

UPDJC  လုပ်ငန်းကော်မတီအဖွဲ့ အစည်းအဝေးကို ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ၂၁ ရာစု ပင်လုံတတိယအစည်းအဝေး ကျင်းပမည့်ရက်အား သတ်မှတ်မည့် UPDJC အစည်းအဝေးကို ဇွန် ၂၉ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင်များထံမှ သိရသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဇွန် ၂၅ ရက်တွင် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးအတွက် UPDJC အတွင်းရေးမှူးအဖွဲ့၏ အစည်းအဝေး ပြုလုပ်ခဲ့သည်။

“ဒီနေ့ အတွင်းရေးမှူး အဖွဲ့ အစည်းအဝေးကတော့ တစ်ရက်ပဲ။ အဲဒါပြီးရင်တော့ လုပ်ငန်းကော်မတီက သုံးရက်လုပ်မယ်။ အဲဒါကိုတော့ MCC - 2 မှာလုပ်မယ်။ လုပ်ငန်းကော်မတီကတော့ သူသတ်မှတ်ထားတဲ့အရေအတွက် အတိုင်းပဲ။ လုပ်ငန်းကော်မတီ ရှိမယ်။ သူတို့ကို ကူညီပံ့ပိုးပေးမယ့် အထောက်အကူပြု အဖွဲ့တွေ ပါမယ်။ အဲဒါကို ကျွန်တော်တို့ သုံးရက်ဆွေးနွေးမယ်။ ပြီးရင်တော့ ၂၈ ရက်နေ့ ညနေကျရင်တော့ အတွင်းရေးမှူး အဖွဲ့အစည်းအဝေး ပြန်ထိုင်ကြမယ်။ ပြန်ထိုင်ပြီးရင် ၂၉ ရက်နေ့မှာတော့ UPDJC အစည်းအဝေးရှိမယ်” ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

ဇွန် ၂၉ ရက်တွင်ကျင်းပမည့် UPDJC အစည်းအဝေးတွင် ၂၁ ပင်လုံ တတိယအစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့မှ တင်ပြထားသည့်အတိုင်း ဇူလိုင် ၁၀ နှင့် ၁၁ ရက်တွင်ပြုလုပ်ရန် အတည်ပြုသွားဖွယ်ရှိကြောင်း ဦးလှမောင်ရွှေက ပြောကြားသည်။

“အဲဒီတော့ သေချာပေါက်ပြောနိုင်တာကတော့ UPDJC က အတည်ပြုပေးမယ်ဆိုရင်တော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တင်ပြထားတဲ့အတိုင်း ၁၀ ရက်၊ ၁၁ ရက်မှာ ကျင်းပဖြစ်မယ်။ ညီလာခံ ဘယ်နှရက်ကျင်းပမယ်ဆိုတာကိုလည်း UPDJC က ဆုံးဖြတ်ပါလိမ့်မယ်” ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေး မတိုင်မီ ဇူလိုင်လ ပထမပတ်တွင် UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ထပ်မံခေါ်ယူဦးမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အလွတ်သဘော အစည်းအဝေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် လုံခြုံရေးကဏ္ဍ ဆွေးနွေးရန်အတွက် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လုံခြုံရေးကဏ္ဍ အလွတ်သဘော အစည်းအဝေးကို ဇွန် ၁၆ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် တင်ပြဆွေးနွေးနိုင်ရေးအတွက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ ပြင်ဆင်မှုအစည်းအဝေးများနှင့် လုံခြုံရေးကဏ္ဍ ပြင်ဆင်မှုအစည်း အဝေးများကို ဇွန် ၁၅ ရက်မှ ၁၇ ရက်အတွင်း ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

 

Most Read

Most Recent