<

စစ်ကိုင်းတိုင်းဒေသကြီး၌ ဧပြီ၊ မေနှင့် ဇွန်လဆန်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် သီးနှံစိုက်ခင်းဧကတစ်သိန်းကျော် ရေ၀င်ရောက်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေ၀င်နစ်မြုပ်ခဲ့သည့် သီးနှံစိုက်ခင်းအချို့ကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၌ ဧပြီ၊ မေလနှင့် ဇွန်လဆန်းပိုင်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုနှင့် မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် သီးနှံစိုက်ခင်းဧကတစ်သိန်းကျော် ရေ၀င်ရောက်မှုဖြစ်ပွားခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီးစီမံကိန်းတာဝန်ခံ ဒေါက်တာတင်မာမာဦးက ပြောကြားသည်။

မိုးနှင့်မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် သီးနှံများသည် နွေစပါး၊ နွေနှမ်း၊ ပဲတီစိမ်းစိုက်ခင်းများ အပါအ၀င် မြို့နယ် (၂၁) မြို့နယ်အတွင်းမှ သီးနှံစုံတစ်ဆယ့်သုံးမျိုးအထိ ပျက်စီးခဲ့ကြောင်း တိုင်းဒေသကြီးတွင် သီးနှံပျက်စီးမှုအများဆုံးမြို့သည် ရွှေဘိုခရိုင် ၀က်လက်မြို့နယ်မှာ ပျက်စီးမှုအများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်မတို့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ ဧပြီလကနေ ဇွန်လအထိ မိုးသည်းစွာရွာသွန်းမှုကြောင့် ကျွန်မတို့ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ ၂၁ မြို့ နယ်က နွေစပါး မိုးစပါးနဲ့ နွေနှမ်းအပါအ၀င် သီးနှံစုံ တစ်ဆယ့်သုံးမျိုးမှာ ဧကပေါင်းတစ်သိန်းကျော် ရေ၀င်ရောက်ခဲ့ပါတယ်။ အဲဒီတစ်သိန်းကျော်ထဲမှာ ဒီနေ့အထိဆိုရင် ဧကပေါင်းခြောက်သောင်းကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်” ဟု ဒေါက်တာတင်မာမာဦးက ဆက်လက်ပြောကြားသည်။

၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် ဇွန်လအထိ ရေ၀င်ရောက်နစ်မြုပ်မှုသည် သီးနှံစုံ စိုက်ခင်းဧက နှစ်သောင်းကျော် နစ်မြုပ်ခဲ့ကြောင်း၊ ယခင်နှစ်သီးနှံများ ထိခိုက်ပျက်စီးမှုသည် ဇွန်လအထိ သီးနှံစိုက်ခင်းပေါင်း ဧကတစ်သောင်းကျော်သာ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခင်နှစ်က သီးနှံစုံစိုက်ခင်းများ ပျက်စီးမှုအခြေအနေနှင့် ယခုနှစ် သီးနှံစုံစိုက်ခင်းများပျက်စီးမှု အခြေအနေသည် မတူညီကြောင်း ယခုနှစ် ဧပြီ၊ မေလနှင့်ဇွန်လဆန်းပိုင်းတွင် မိုးသည်းစွာရွာသွန်းမှုနှင့် မုန်တိုင်းဝင်ရောက်ခဲ့မှုကြောင့် သီးနှံစုံစိုက်ခင်းများသည် ယခင်နှစ်ကထက် ထိခိုက်ပျက်စီးမှု များပြားခဲ့ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

 

June 25, 2018














Copy Protected by Chetan's WP-Copyprotect.