မြန်မာ့အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မဂ္ဂါဝပ် ၃၀၀၀ ခန့်အထိ တိုးတက်လာပြီးယင်းပမာဏ၏ ၄၅ ရာခိုင်နှုန်းကျော်ကို ရန်ကုန်တိုင်းက သုံးစွဲနေကြောင်း သိရ

မြန်မာ့အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မဂ္ဂါဝပ် ၃၀၀၀ ခန့်အထိ တိုးတက်လာပြီးယင်းပမာဏ၏ ၄၅ ရာခိုင်နှုန်းကျော်ကို ရန်ကုန်တိုင်းက သုံးစွဲနေကြောင်း သိရ
Published 26 June 2018

လက်ရှိမြန်မာနိုင်ငံ၏ အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် မဂ္ဂါဝပ် ၃၀၀၀ ခန့်အထိတိုးတက်လာပြီး ရန်ကုန်တိုင်း၏ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲမှုသည် ယင်းပမာဏ၏ ၄၅ ရာ ခိုင်နှုန်းကျော်အထိရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် စာရင်းအရ သိရသည်။

၂၀၁၇ ခုနှစ် ဇွန် ၂၃ ရက်တွင် မြန်မာ နိုင်ငံ၏ အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၂၆၄၀ ဒသမ ၇ မဂ္ဂါဝပ်သာရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဇွန် ၂၃ ရက်တွင် မြန်မာနိုင်ငံ၏  အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် ၂၉၈၈ ဒသမ ၅ မဂ္ဂါဝပ် အထိရှိလာပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၅၀ မဂ္ဂါဝပ်အထိ တိုးတက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲမှုသည် ၁၃၅၉ ဒသမ ၇ မဂ္ဂါဝပ်အထိရှိပြီး တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိသုံးစွဲမှု၏ ၄၅ ဒသ မ ၄၉ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။

၂၀၂၀ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၏ လက်ရှိလျှပ်စစ်သုံးစွဲမှု ပမာဏထက် တစ်ဆတိုး၍ သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း  မေ ၉ ရက်က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် Yangon Investment Forum 2018  အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

“ကျွန်တော်တို့ရန်ကုန်မှာ နောက်ထက် သုံးစွဲမယ့်လျှပ်စစ်ဟာ လက်ရှိရန်ကုန်ရဲ့ သုံးစွဲနေတဲ့ ၁၃၀၀ မဂ္ဂါဝပ်ကနေ ၁၅၀၀ ကြားကို နောက်တစ်ဆတိုးပြီးသုံးမယ်ဆိုရင်တောင်  ၁၃၀၀ ကနေ၁၅၀၀ ရှိတဲ့အတွက် တစ်ဆတိုး သုံးမယ်ဆိုရင်တောင် ၃၀၀၀ မဂ္ဂါဝပ်ပဲ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အခုကျွန်တော်တို့ကို ရောက်လာမယ့်လျှပ်စစ်ဟာ ၁၅၀၀ မဂ္ဂါဝပ်လောက် ဖြစ်ပါတယ်။ ဒါကြောင့် နောက်ထက် တစ်ဆတိုးသုံးနိုင်လောက်တဲ့ အခြေအနေမျိုး ရန်ကုန်မှာ နောက်နှစ်နှစ်ခွဲလောက်မှာ ဒီပရောဂျက်တွေကနေ ထွက်လာတော့မယ့် လျှပ်စစ်ကို ဖြုန်းပေးရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းအတွက် ထပ်တိုးသုံးစွဲနိုင်မည့် လျှပ်စစ်ဓာတ်အားကို ဧရာဝတီတိုင်းဒေသကြီး၊ မီးလှောင်ချိုင့်ဒေသတွင် လျှပ်စစ်ဓာတ်အား ၁၃၅၀ မဂ္ဂါဝပ်ထုတ်လုပ်ရန် ဆောင်ရွက်ထားပြီး ယင်းမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားအနက် မဂ္ဂါဝပ် ၁၀၀၀ ကျော် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ကန်ပေါက်ဒေသ၌ Total ကုမ္ပဏီမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀ ထုတ်လုပ်မည်ဖြစ်ပြီး ယင်းလျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀ မှ  ပေါင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၅၀၀ အထိရရှိမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲမှုသည် ၅၅၀ ဒသမ ၄ မဂ္ဂါဝပ်ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၁၈ ရာခိုင်နှုန်းကျော် ရှိသည်။ နေပြည်တော်၏ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲမှုသည် ၁၁၈ မဂ္ဂါဝပ်ရရှိပြီး ရာခိုင်နှုန်းအားဖြင့် လေးရာခိုင်နှုန်းခန့်ရှိကြောင်း ထုတ်ပြန်ထား သိရသည်။

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လျှပ်စစ်ဓာတ်အားရရှိသုံးစွဲမှုသည် ၁၁၀၃ ဒသမ၃ မဂ္ဂါဝပ်ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၇ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

Most Read

Most Recent