မော်ဒယ် စူးရှထက်၏ မိန်းမကိုယ်တွင် ယောက်ျားသုတ်ပိုး မတွေ့ရှိကြောင်းနှင့် အခြားတွေ့ရှိချက်များကို မှုခင်းဆရာဝန် ထွက်ဆို

မော်ဒယ် စူးရှထက်၏ မိန်းမကိုယ်တွင် ယောက်ျားသုတ်ပိုး မတွေ့ရှိကြောင်းနှင့် အခြားတွေ့ရှိချက်များကို မှုခင်းဆရာဝန် ထွက်ဆို
Published 26 June 2018

ဇွန် ၂၅ ရက်က တာမွေမြို့နယ်တရားရုံးတွင် အဆိုတော် အစ္စဏီအား တွေ့ရစဉ်

မော်ဒယ် စူးရှထက်၏ မိန်းမကိုယ်တွင် ယောက်ျားသုတ်ပိုး မတွေ့ရှိကြောင်း အပါအဝင် အခြားတွေ့ရှိချက်များကို မှုခင်းဆရာဝန်ကြီးက ထွက်ဆိုခဲ့သည်။

အဆိုတော် အစ္စဏီ၏ အမှုကို ဇွန် ၂၅ ရက်က တာမွေမြို့နယ်တရားရုံးတွင် ရုံးချိန်းခေါ်ယူ စစ်ဆေးစဉ် မှုခင်းဆရာဝန်ကြီးက တရားခွင်တွင် ယင်းသို့ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

မော်ဒယ် စူးရှထက်၏ ရရှိခဲ့သော ဒဏ်ရာများနှင့် ပတ်သက်၍ ဆေးစစ်ချက်များကို မှုခင်းဆရာဝန်ကြီးက ဦးစွာထွက်ဆိုခဲ့သည်။ ထို့နောက် မော်ဒယ်စူးရှထက်၏ ခြေထောက်အရိုးများသည် မကျိုးကြောင်း၊ မျက်လုံးေ၀ဝါးခြင်း၊ မျက်လုံးသူငယ်အိမ်အတွင်း သွေးတည်ခြင်း မတွေ့ကြောင်း၊ ခွဲစိတ်ဆောင်၏ မှတ်တမ်းများအရ ရင်ဘတ် ဝဲဘက်၌ နာကျင်သည်ဟု လူနာ (မော်ဒယ် စူးရှထက်) ကပြော၍ ဓာတ်မှန်များအရ နံရိုးများ မကျိုးကြောင်း၊ ရင်ခေါင်းအတွင်းရှိ ဒဏ်ရာများ ထိခိုက်ဒဏ်ရာ မတွေ့ကြောင်း၊ လည်ပင်းနှင့် သွားဓာတ်မှန်များအရ မေးရိုး ခံတွင်းနှင့် သွားများ ပုံမှန် ဖွင့်နိုင် ပိတ်နိုင် လုပ်နိုင်ကြောင်း၊ မျက်လုံး ပုံမှန်အမြင် ရှိကြောင်း၊ အပေါ်ရှေ့သွား နဲ့နေသည်ဟု ဆိုသောနေရာသည် အလှသွားတပ်ထားသော အစိတ်အပိုင်း ပြုတ်ထွက်နေခြင်းသာဖြစ်ပြီး နဂိုသွား ပျက်စီးခြင်း မရှိကြောင်း မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။

ထို့ပြင် လတ်တလော ကာမစပ်ယှက်ခြင်း ရှိ မရှိနှင့် ပတ်သက်၍ ဧပြီ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မှုခင်းဘက်ဆိုင်ရာ ဆရာဝန်ကြီးရုံးက လတ်တလော ကာမစပ်ယှက်ထားခြင်း ရှိ မရှိနှင့် ပတ်သက်၍ စစ်ဆေးရာ မိန်းမကိုယ်တွင် ယောက်ျားသုတ်ပိုး မတွေ့ရှိကြောင်း၊ . . . .၊ အထက်ပါတွေ့ရှိချက်များအရ လတ်တလော ကာမစပ်ယှက်ထားခြင်း ရှိ မရှိကို ဆေးပညာအနေဖြင့် တိကျသော ထင်မြင်ချက် မပေးနိုင်ကြောင်း၊ ယောက်ျားသုတ်ပိုး မတွေ့ရှိခြင်း၊ လတ်တလော ထိုးသွင်းဒဏ်ရာ မတွေ့ရှိခြင်းတို့ကြောင့် ဆေးပညာအရ အတိအကျ မပြောနိုင်ခြင်းဖြစ်ကြောင်း မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။

အလားတူ ဧပြီ ၁၂ ရက် မွန်းလွဲ ၁၂ နာရီ၌ အစ္စဏီ၏ ယောက်ျားတန်ဆာတွင် လတ်တလော ဒဏ်ရာမတွေ့ရှိဘဲ ပုံမှန်အတိုင်းဖြစ်ပြီး ထူးခြားမှု မရှိကြောင်း၊ အထက်ပါ တွေ့ရှိချက်များအရ လတ်တလော ကာမစပ်ယှက်ထားခြင်း ရှိ မရှိနှင့် ပတ်သက်၍ ဆေးပညာအရ တိကျသော ထင်မြင်ချက် မပေးနိုင်ကြောင်း မှုခင်းဆရာဝန်က ထွက်ဆိုသည်။

ထို့နောက် မော်ဒယ်စူးရှထက်ကိုလည်း တံခါးပိတ် စစ်ဆေးခဲ့သည်။

“ထိုးသွင်းဒဏ်ရာ ဘာမှမရှိပါဘူး။ မုဒိမ်းမှုနဲ့ ပတ်သက်ပြီးတော့ သုတ်ပိုးသုတ်ရည် တွေ့ရှိခြင်း မရှိဘူးဆိုတဲ့အချက်ကို ပေါ်လွင်အောင် စစ်ဆေးပါတယ်” ဟု အစ္စဏီ၏ ရှေ့နေဖြစ်သူ ဦးကျော်ဇင်ဦး (တရားလွှတ်တော်ရှေ့နေ)က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

လက်ရှိတွင် အဆိုတော် အစ္စဏီကို တာမွေမြို့နယ် တရားရုံး ၊တွဲဖက်မြို့နယ် တရားသူကြီး (၁) တရားခွင်၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄၊ ၃၂၃ တို့ဖြင့် စွဲဆိုထားကြောင်း သိရသည်။

ယင်းအမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက် ညပိုင်းက မော်ဒယ် အမျိုးသမီးသည် သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို့ ရောက်ရှိနေစဉ် နံနက် ၂ နာရီကျော်ခန့်တွင် ရည်းစားဟောင်းဖြစ်သူ အဆိုတော်အစ္စဏီ (ခ) ဟန်ထွန်းဇော်က ဘားအတွင်းသို့ ဝင်ရောက်ကာ ပြဿနာရှာနေသောကြောင့် မော်ဒယ်အမျိုးသမီးမှာ ၎င်းနေထိုင်ရာ တိုက်ခန်းသို့ ကားငှားပြန်ခဲ့ကြောင်း၊ ယင်းကားနှင့်အတူ အစ္စဏီကလည်း အတူလိုက်ပါခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် နေအိမ်အရောက်တွင် အဆိုတော် အစ္စဏီက မော်ဒယ်အမျိုးသမီး အင်္ကျီအား အတင်းဆွဲချွတ်သဖြင့် မော်ဒယ်အမျိုးသမီးက ရုန်းကန်စဉ် ဦးခေါင်းနှင့် မှန်ဗီရို တိုက်မိခဲ့ရာ ဦးခေါင်းနာကျင်ခဲ့သည့်အပြင် ခန္ဓာကိုယ်အား ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိး၊ လက်ခလယ် လက်သန်းခွံများကို လှန်ချိုးခြင်းတို့ ပြုလုပ်သဖြင့် နာကျင်၍ သတိမေ့နေစဉ် သားမယား နှစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ သတိပြန်ရလာစဉ် ပတ်ဝန်းကျင်အား အကူအညီတောင်းရန် ကြိုးစားခဲ့ရာ အစ္စဏီက ဗီရိုမှန်ကွဲစဖြင့် ခြစ်ခဲ့သဖြင့် ယာခြေထောက် ပြတ်ရှဒဏ်ရာ ရခဲ့ကြောင်း၊ ထို့နောက် မော်ဒယ်အမျိုးသမီးက အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာတံခါး လော့ခ်ချပြီး သူငယ်ချင်းတစ်ဦးထံ ဖုန်းဆက် အကူအညီတောင်းခံခဲ့ရာ နံနက် ၅ နာရီတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ကယ်တင်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။