<

မြန်မာ့ရေထွက်ပို့ကုန်များတွင် ရောဂါပိုးတွေ့ရှိသည်ဟုဆိုကာ ဆော်ဒီနိုင်ငံသို့ တင်ပို့ခွင့် ယာယီရပ်ဆိုင်းခံထားရမူ သုံးလကြာမြင့်သည့်အထိ ထူးခြားမူမရှိ

ပြည်ပသို့ ငါး၊ ပုစွန်များ တင်ပို့သည့် စက်ရုံတစ်ခု၏ လုပ်ငန်းခွင်ကို တွေ့ရစဉ်

ဆော်ဒီနိုင်ငံသို့တင်ပို့နေသည့် မြန်မာရေထွက်ပို့ကုန်များတွင် ရောဂါပိုးတွေ့ရှိသည်ဟုဆိုကာ ဧပြီ ၁ရက်မှစတင်ပြီး တင်ပို့ခွင့်ယာ ယီရပ်ဆိုင်းခံထားရမှုသည် လက်ရှိအချိန်ထိ ပြန်လည်တင်ပို့ခွင့်ထူးခြားမှု မရှိသေးကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ဆော်ဒီသို့ တင်ပို့နေသည့် အအေးခန်းနှင့် မွေးမြူရေးကန်များကို ဆော်ဒီဘက်မှလာ ရောက်စစ်ဆေးရန် မေလတွင်အကြောင်းကြားထားသော်လည်း လက်ရှိအချိန်တွင် စစ်ဆေးမည်ရက် အတိအကျသိရှိရန်အကြောင်းကြားစာ မရောက်ရှိသေးကြောင်း ငါးလုပ်ငန်း အဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

“မွေးမြူရေး ငါးဈေးကွက်အခြေအနေက ဈေးမကောင်းဘူး။ ဈေးမကောင်းဘူးဆိုပေမဲ့ အဆိုးဆုံးအခြေအနေ ထိုးမကျသွားတာက ပင်လယ်ငါးတွေက ငါးမဖမ်းရရာသီ ပိတ်ထားတယ်။ မေ ၁၅ ရက်ကနေ သုံးလတိတိပိတ်ထားတော့ ပင်လယ်က ငါးကကုန်တက် သိပ်မရှိဘူး။ ခုချိန်မွေးမြူရေးငါးကိုပဲ ပြည်တွင်းမှာ အားကိုးနေရတယ်။ အဲဒီအတွက်ကြောင့်ငါးရှားနေတော့ ဈေးကွက်က အဆိုးရွားဆုံးအခြေအနေထိ ပြုတ်ကျမသွားဘူး။ မွေးမြူသူတွေအတွက်ကတော့ အကျိုးအမြတ်မရှိတော့ဘဲ တွက်ခြေမကိုက်ဘူး” ဟု ဦးဝင်းကြိုင်က ဆိုသည်။

ယခင်ကမြန်မာ့မွေးမြူရေးငါး၏ နိုင်ငံခြားတင်ပို့မူ ၃၀ ရာခိုင်နှုန်းနှင့် ငါးမြစ်ချင်း တင်ပို့မူ ၄၁ ရာခိုင်နှုန်းသည် ဆော်ဒီနိုင်ငံသို့ တင်ပို့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ သိရသည်။

“တင်ပို့ခွင့်သာ ပြန်မဖွင့်ခဲ့ဘူးဆိုရင် ပင်လယ်ငါးကလည်း ငါးမဖမ်းရ ရာသီလွတ်သွားလို့ စက်တင်ဘာလ လောက်မှာပင်လယ်ငါးကလည်း ပြန်တက်လာမယ်။ အင်း၊ အိုင်ငါးတွေလည်း ပြန်တက်လာရင်မွေးမြူရေးငါးတွေက တင်ပို့ခွင့်လည်း မရှိဘူးဆိုရင် အခြေအနေက အများကြီးဆိုးသွားနိုင်တယ်။ ဆော်ဒီကပိတ်လိုက်တာက မွေးမြူရေးငါးမှာ ငါးမြစ်ချင်းတွေဖြစ်တယ်။ ငါးမြစ်ချင်းအစား တခြားဈေးကွက်ဝင် ငါးတွေပြောင်းမွေးရမှာပေါ့။ အဲဒါမျိုးတွေက ကြိုးစားနေတုန်းပဲ။ ချက်ချင်းကြီး အောင်မြင်မှုတော့ရမှာ မဟုတ်သေးဘူး။ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့တော့ ငါး၊ ပုစွန်မွေးမြူရေးမှာ နိုင်ငံတကာ ဈေးကွက်တွေက၀ယ်တဲ့ ဈေးကွက်ဝင်အမျိုး အစားတွေကို မွေးဖို့၊ မွေးမြူရေးကာလတိုပြီး ကုန်များများထွက်တာတွေမွေးဖို့၊ ပြောင်းပြီးမွေးဖို့ ကြိုးစားနေပါတယ်။ ငါး၊ ပုစွန်မွေးမြူရေး စီမံကိန်းတွေမှာ အမျိုးအစားတွေပြောင်းဖို့ အတွက် ကြိုးစားနေတယ်” ဟု ဦးဝင်းကြိုင်က ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံ သံအမတ်များတွေ့ဆုံမူတွင် ဆော်ဒီမှကုန်သွယ်မှု ပိတ်ထားမူသည် မည့်သည်နိုင်ငံမှ ကုန်သွယ်မှုခွင့်ပြုခြင်းမရှိခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုပြန်လည်ခွင့်ပြုရန် ကြာမြင့်မည့်အခြေအနေတွင်ရှိနေသည်ကို မှတ်ချက်ပြုထားကြောင်း သိရသည်။ ဆော်ဒီနိုင်ငံက ရေထွက်ပစ္စည်းတင်သွင်းခွင့် ပိတ်မူသည် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတို့ကိုပါ တင်သွင်းခွင့်ပိတ်ထားသည်ဟု သိရသည်။

June 25, 2018














Copy Protected by Chetan's WP-Copyprotect.