မတ္တရာမြို့နယ်အတွင်းရှိ ရှေးဟောင်းကြေးဆင်းတုတော်များ ပျောက်ဆုံးနေမှုကို စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားသူများအား ဘုရားဂေါပကအဖွဲ့က အသရေဖျက်မှုဖြင့် အမှုဖွင့်တရားစွဲဆိုမှုအပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

မတ္တရာမြို့နယ်အတွင်းရှိ ရှေးဟောင်းကြေးဆင်းတုတော်များ ပျောက်ဆုံးနေမှုကို စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားသူများအား ဘုရားဂေါပကအဖွဲ့က အသရေဖျက်မှုဖြင့် အမှုဖွင့်တရားစွဲဆိုမှုအပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Published 26 June 2018

အသရေဖျက်မှုဖြင့် တရားစွဲခံရ၍ တိုင်ကြားသူများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

မတ္တရာမြို့နယ်အတွင်းရှိ ရှေးဟောင်းကြေးဆင်းတုတော်များ ပျောက်ဆုံးနေမှုကို စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားသူများအား ဘုရားဂေါပကအဖွဲ့က အသရေဖျက်မှုဖြင့် အမှုဖွင့်တရားစွဲဆိုမှုအပေါ် တိုင်ကြားသူများက ဇွန် ၂၅ ရက် နံနက် ၁၁ နာရီတွင် မန္တလေးမြို့ မီဒီယာစင်တာတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

မတ္တရာမြို့နယ် အထက်တောင်ကိုင်းအုပ်စု ချောင်းပေါင်းကျေးရွာ သာသနဝိပုလ ကာရီကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သည့် ရှေးဟောင်း ကြေးဆင်းတုတော်များ ပျောက်ဆုံးနေသည့်ကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ကျေးရွာနေသူများက တိုင်ကြားထားသော်လည်း အရေးယူဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် တိုင်ကြားထားသူများကို ပြန်လည်အမှုဖွင့်ထားသည့်အတွက် လာရောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

“ရှေးဟောင်းကြေးဆင်းတုတော်တွေ ပျောက်ဆုံးနေတာကို ပြန်လည်ပင့်ဆောင်ချင်လို့ တိုင်ကြားခဲ့တာပါ။ အထွေထွေအုပ်ချုပ် ရေးမှူးဆီကို ရှေးဟောင်းဆင်းတုတော်ကို ပြန်လည်ဖော်ထုတ်ပေးဖို့ တင်ပြခဲ့ပါတယ်။ အဲဒီလိုတင်ပြတဲ့အခါ အုပ်ချုပ်ရေးမှူးက လုပ်မပေးတဲ့အတွက် ဆည်တော်လေး နယ်မြေရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ အဲဒီလို တိုင်ကြားပြီးတဲ့အခါ သက်ဆိုင်ရာတွေက ဘုတ်အဖွဲ့ဖွဲ့ပြီး ပြန်လည်ပင့်ဆောင်ပေးပါ့မယ်ဆိုပြီးကတိနဲ့ ကျွန်တော့်ကို အသိပေး လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ အဲဒါစောင့်လိုက်တာ မန္တလေးတိုင်းရဲမှူးကြီးဆီ ထပ်ဆင့်တိုင်ကြားခဲ့ပါတယ်။ တိုင်ကြားပြီး တစ်ပတ်အလွန်မှာ ဘာမှ အရေးယူခြင်းမရှိတာကြောင့် ပြည်ထောင်စုဝန်ကြီးဆီ ထပ်ပြီးတင်ပြတိုင် ကြားခဲ့ပါတယ်။ အဲဒါလည်း အခုချိန်အထိ ဘာမှဖော်ထုတ်ပေးခြင်း မရှိပါဘူး။ အဲဒါ ကြောင့် သတင်းမီဒီယာတွေကို တင်ပြရှင်းလင်းရခြင်း ဖြစ်ပါတယ်” ဟု မတ္တရာမြို့နယ် အထက်တောင်ကိုင်းအုပ်စု ချောင်းပေါင်းကျေးရွာနေ ဦးညွန့်တင်က ပြောကြားသည်။

“ဒီဘုရားတွေက ခေတ်အဆက်ဆက် ဘိုးဘွားတွေကတည်းက ပူဇော်ခဲ့တာဆိုတော့ ဒီဘုရားတွေကို ပြန်လည်ဖူးမြော်ချင်ပါတယ်။ ဌာနဆိုင်ရာတွေ၊ အုပ်ချုပ်ရေးတွေ၊ စခန်းတွေ၊ တရားရုံးတွေကို အသီးသီးတိုင်ကြားခဲ့ပေမယ့် ပွင့်လင်းမြင်သာမှုမရှိဘူး။ အခုချိန်အထိ အရေးယူမှုမရှိသေးတဲ့အတွက် မီဒီယာကတစ်ဆင့် သိအောင်ဆိုပြီး ဒီဘုရားတွေလည်း ဖော်ထုတ်ရာရောက်တယ်ဆိုပြီး သတင်းစာရှင်းလင်းရတာ ဖြစ်ပါတယ်” ဟု မတ္တရာမြို့နယ် အထက်တောင်ကိုင်းအုပ်စု ချောင်းပေါင်းကျေးရွာနေ ဦးသန့်ဇင်ဦးက ဆိုသည်။

ရှေးဟောင်း ကြေးဆင်းတုတော်တစ်ဆူကို မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ဖိုးလေးလုံးကျေးရွာသို့ ပျံလွန်တော်မူပြီးဖြစ်သော ချောင်းပေါက်ကျေးရွာ ဆရာတော် ဦးဝါသဝအား ရည်စူးကမ္ပည်းထိုးကာ ရှစ်မျက်နှာဘုရား တည်ထားကိုးကွယ်ရန် လှူဒါန်းလိုက်ကြောင်း၊ သို့သော် ချောင်းပေါက်ကျေးရွာသို့ သွားရောက်စုံစမ်းရာတွင် ရှစ်မျက်နှာ ဘုရားတည်ထားခဲ့ခြင်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သောကြောင့် ယခုကဲ့သို့ တိုင်ကြားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent