ချင်းတွင်းမြစ်ကြောင်းအတွင်း အန္တရာယ်ကင်းရှင်း၍ ရေယာဉ်များလွယ်ကူချောမွေ့စွာသွားလာနိုင်ရေး ဆောင်ရွက်ပေးရန်လိုအပ်နေဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ချင်းတွင်းမြစ်ကြောင်းအတွင်း အန္တရာယ်ကင်းရှင်း၍ ရေယာဉ်များလွယ်ကူချောမွေ့စွာသွားလာနိုင်ရေး ဆောင်ရွက်ပေးရန်လိုအပ်နေဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 26 June 2018

ဟုမ္မလင်းမြို့တွင် ဆိုက်ကပ်ထားသော ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင်အမြန်ရေယာဉ်များနှင့် ကုန်မော်တော်များကိုတွေ့ရစဉ်

ချင်းတွင်းမြစ်ကြောင်းအတွင်း အန္တရာယ်ကင်းရှင်း၍ ရေယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေး ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝေက ပြောကြားသည်။

“အခုချိန်က ရေနည်းကာလတော့ မဟုတ်ဘူး။ ဒါပေမဲ့ နှစ်စဉ်ရေနည်းကာလမှာ ချင်းတွင်းမြစ်ကြောင်းမှာ အဓိကသွားလာနေကြတဲ့ မုံရွာနဲ့ ဟုမ္မလင်းကြား အဲဒီနေရာမှာ ရေကြောင်းကျပ်တဲ့ နေရာရှိတယ်။ ရေကြောင်း ကျဉ်းတဲ့နေရာတွေရှိတယ်။ ရေကြောင်းကျပ်တယ်ဆိုတဲ့နေရာမှာ နှစ်စဉ်လည်း ဒီနေရာပဲ။ အဲဒီလိုကျပ်တဲ့ နေရာကရှိနေတော့ သွားရလာရတာ ချောချောမွေ့မွေ့မရှိဘူး။ ဆိုလိုတာက တစ်ဖက်က ရေတိမ်တယ်၊ တစ်ဖက်က ရေနက်နေတယ်။ ရေနက်တဲ့နေရာကျတော့ ရေကြောင်းက ကျဉ်းနေတယ်ပေါ့။ အဲဒီလိုဖြစ်တော့ မော်တော်နှစ်စင်းယှဉ်ပြီးတော့ (ရှပ်ပြေး အမြန်ယာဉ်နှစ်စင်းယှဉ်ပြီးတော့) မသွားနိုင်တာတွေ၊ တစ်စင်းစုန်ဆင်းဖို့အတွက် တစ်စင်းက စောင့်နေရတာတွေ အစုန်တစ်စင်း စုန်ဆင်းပြီးမှ အဆန်တစ်စင်း ဆန်တက်ရတာတွေ။ အဲဒီလိုရေကြောင်းကျဉ်းတဲ့နေရာတွေ ရှိတယ်။ အဲဒီလိုနေရာတွေကို ဘယ်လိုလုပ်ပေးမလဲ။ မော်လိုက်မြို့နယ်မှာဆိုရင် ရေကြောင်းကျပ်တဲ့ နေရာတစ်ခုရှိတယ်။ ဥပမာ ရိုးလာပေါ့။ အဲဒီလိုဖြစ်နေတော့ ဒါဆိုအဲဒီလို ရေကြောင်းကျပ်တဲ့နေရာတွေကို ဘယ်လိုပြုပြင်ပေးမလဲ။ တစုန်းနှုတ်သင်္ဘောတွေနဲ့ တစုန်းတွေ နှုတ်ပေးတယ်ဆိုတာ အဲဒါတော့လုပ်ပါတယ်။ ဒါလည်း အန္တရာယ်ကင်းရှင်းရေး အတွက်ပါသလို ခုနကပြောတဲ့ တစ်ဖက်က ရေတိမ်တယ် တစ်ဖက်ကရေနက်တယ်။ အဲဒီနေရာတွေကို ရှပ်ပြေးအမြန်ယာဉ်တွေက ထိုးတင်လိုက်တဲ့အခါ မှောက်ပြီး အန္တရာယ်ဖြစ်ခဲ့ဖူးတာတွေလည်း ရှိတယ်။ ဒါကြောင့် အဲဒီနေရာတွေမှာ ရေယာဉ်တွေ အန္တရာယ်ကင်းကင်းနဲ့ လွယ်လွယ်ကူကူသွားလာနိုင်ဖို့ ပြုလုပ်ပေးစေချင်တာပေါ့” ဟု ဦးထွန်းဝေက ဆိုသည်။

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် အထူးသဖြင့် ချင်းတွင်းမြစ်အထက်ပိုင်း ဖောင်းပြင်၊ ဟုမ္မလင်းနှင့် ခန္တီးမြို့နယ်ဒေသများတွင် နွေရာသီရေနည်းကာလ၌ မော်တော်များဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရာ၌ ကြန့်ကြာလေ့ရှိပြီး ကုန်ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း ဦးထွန်းဝေက ပြောကြားသည်။

“ရေယာဉ်အသင်းတွေကလည်း ပြောပြကြတာပေါ့။ သူတို့ရဲ့ ရှပ်ပြေးအမြန်ယာဉ်တွေ၊ ကုန်တင်အမြန်ယာဉ်တွေ သောင်တင်နေပြီ။ ဘယ်လိုမှချမရဘူးဆိုရင် တခြားယာဉ်တွေကို ငှားပြီးတော့ ဆွဲချရတာတွေရှိတယ်တဲ့။ အဲဒီအတွက် သူတို့မှာလည်း ကုန်ကျစရိတ်တွေ ပိုလာရတယ်ပေါ့။ ပြီးတော့ တချို့ကုန်သည်တွေဘက်ကလည်း ဒီနွေရာသီရေကြောင်းကျပ်တဲ့ ရာသီရောက်လာပြီဆိုရင် မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်းစတဲ့ဘက်တို့က ကုန်ဈေးနှုန်းကြီးမြင့်ရခြင်း အကြောင်းရင်းဟာ ကုန်ပစ္စည်းတွေရဲ့ တန်ဆာခဈေးနှုန်းတွေ မြင့်လာလို့ပေါ့။ မြင့်လာတာလည်း ဘာလို့မြင်လာသလဲဆိုတော့ ရေကြောင်းသွားလာမှု ကျပ်တဲ့အခါကျတော့ ကုန်တန်ချိန်ကိုလျှော့ပြီး တင်ကြရတာပေါ့။ ၅၀ တင်နိုင်တဲ့ ကုန်တင်ယာဉ်က ၅၀ မတင်နိုင်တော့ဘူး။ ၃၀ လောက်ပဲ တင်နိုင်တော့တာပေါ့။ အဲဒီအခါကျတော့ မော်တော်တွေက ကုန်တစ်တန်ရဲ့အပေါ်မှာ ဈေးကိုတိုးယူလိုက်တာပေါ့။ အဲဒီလိုတိုးယူတော့ ကုန်သည်တွေကလည်း ကုန်စည်အပေါ် ဈေးတင်ပြီးပြန်ရောင်းရတော့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ဖြစ်တာတွေရှိတယ်။ ဈေးနှုန်းတွေ ကြီးမြင့်ရတာလည်း အချိန်အခါအရ ကြီးမြင့်ရတာတွေရှိတဲ့အကြောင်း ကုန်သည်တွေဘက်ကလည်း ပြောသံကြားရတယ်” ဟု ဦးထွန်းဝေက ပြောကြားသည်။

ချင်းတွင်းမြစ်ကြောင်း အန္တရာယ်ကင်းရှင်း၍ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် နှစ်စဉ်မည်သို့ ဆောင်ရွက်ပေးမည်နည်းဟု ဦးထွန်းဝေက ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ချင်းတွင်းမြစ်ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရန်အတွက် မြစ်ကြောင်းအလျားကို တိုင်းတာသည့်အခါ ၈၁၇ ကီလိုမီတာတွင် ပြုပြင်ရန်မလိုသည့် ၄၈၅ ကီလိုမီတာ၊ ပြုပြင်ပြီး ၄၀ ကီလိုမီတာ၊ ထပ်မံပြုပြင်ရန် လိုအပ်သည့် ကီလိုမီတာအလျားပေါင်း ၂၉၂ ကီလိုမီတာရှိရာ ၂၀၁၅-၁၆ ခုနှစ်၊ ၂၀၁၆-၁၇ ခုနှစ်၊ ၂၀၁၇-၁၈ ခုနှစ် သုံးနှစ်အတွင်း ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများကို ၁၀ နေရာ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနေရာ ၇၀၊ စုစုပေါင်းနေရာ ၈၀ ဆောင်ရွက်ထားကြောင်း၊ ၂၀၁၈-၁၉ ခုနှစ်မှ ၂၀၂၀-၂၁ ခုနှစ်အထိ နောက်သုံးနှစ်အတွင်း ဟုမ္မလင်း-မော်လိုက်တွင် ၁၃ နေရာ ပြုပြင်ရန်လိုအပ်သော်လည်း ငါးနေရာနှင့် မော်လိုက်-မုံရွာ ၁၁ နေရာတွင် ကိုးနေရာသာ ပြုပြင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မုံရွာ-ချင်းတွင်းဝတွင် ငါးနေရာ ပြင်ဆင်ရန် လျာထားကြောင်းနှင့် ဌာနအနေဖြင့် နှစ်စဉ်ဆောင်ရွက်ရန် အစီအမံများရှိပါကြောင်း၊ ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ကြိုးစားဆောင်ရွက်သွားမည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

Most Read

Most Recent