ဧရာဝတီမြစ် ဒုတိယအကြိမ် ရေကြီးမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း စာသင်ကျောင်း ၁၁၀ ကျော် ပိတ်ထားရကာ လူဦးရေ ၃၀၀၀၀ ခန့်နှင့် ကျွဲ၊ နွားတိရစ္ဆာန်များ ရေလွတ်ရာ ပြောင်းရွှေ့နေရပြီး သောက်သုံးရေ အခက်အခဲကြုံတွေ့

ဧရာဝတီမြစ် ဒုတိယအကြိမ် ရေကြီးမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း စာသင်ကျောင်း ၁၁၀ ကျော် ပိတ်ထားရကာ လူဦးရေ ၃၀၀၀၀ ခန့်နှင့် ကျွဲ၊ နွားတိရစ္ဆာန်များ ရေလွတ်ရာ ပြောင်းရွှေ့နေရပြီး သောက်သုံးရေ အခက်အခဲကြုံတွေ့
Published 24 August 2017

မင်းဘူးမြို့နယ် မန်းရေနံမြေအနီးသို့ ရေဘေးရှောင် ပြောင်းရွှေ့ထားသည့် တိရစ္ဆာန်များကို တွေ့ရစဉ်

ဧရာဝတီမြစ် ဒုတိယအကြိမ် ရေကြီးမှုကြောင့် သြဂုတ် ၂၃ ရက်အထိ မကွေးတိုင်းဒေသကြီးအတွင်း စာသင်ကျောင်း ၁၁၀ ကျော် ပိတ်ထားရကာ လူဦးရေ ၃၀၀၀၀ ခန့်နှင့် ကျွဲ နွားတိရစ္ဆာန်များ ရေလွတ်ရာ ကုန်းမြေများသို့ ပြောင်းရွှေ့နေရပြီး ရေဘေးသင့်ပြည်သူများ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများ၊ တိုင်းပညာရေးမှူးရုံးနှင့် လူကယ်ပြန်ရုံး တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

ဧရာဝတီမြစ်ရေသည် သြဂုတ် ၁၅ ရက် မှစ၍ ဒုတိယအကြိမ် ပြန်လည်မြင့်တက်လာကြောင်း သြဂုတ် ၂၁ ရက်တွင် စိုးရိမ်ရေမှတ် စင်တီမီတာ ၂၁၅၀ ရှိသည့် ပခုက္ကူမြို့၌ စိုးရိမ်ရေမှတ်အထက် စတင်ကျော်လွန်ခဲ့ကြောင်း၊ ထိုရက်များမှစ၍ ဧရာဝတီမြစ်နံဘေး ဝဲယာရှိ ရေဝင်ရောက်နေသည့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ကျွဲ၊ နွား၊ ဆိတ်၊ သိုး စသည့်တိရစ္ဆာန်များကို ရေဘေးလွတ်ရာ ကုန်းမြင့်ပိုင်းများသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။

“ရေနစ်မြုပ်တဲ့ ကျေးရွာတွေမှာ တုံကင်ရေတွင်းတွေ ရေမြုပ်ကုန်ပါတယ်။ တချို့ကျေးရွာတွေမှာ ပိုက်အမြင့် ဆက်ထားတဲ့ တုံကင်ရေတွင်း တစ်တွင်းတည်းက ရေကိုပဲ တစ်ရွာလုံးက မှီခိုနေရတာတွေလည်း ရှိပါတယ်။ အခုရေက နေ့စဉ်တိုးနေတော့ အဲဒီတွင်းတွေကလည်း ရေမြုပ်ကုန်တော့မှာပါ။ ရေဝင်တဲ့ ကျေးရွာတွေရော၊ ကုန်းပိုင်းကို ပြောင်းရွှေ့လာသူတွေရောက မြစ်ရေအနောက်တွေကိုပဲ သောက်သုံးနေကြရပါတယ်” ဟု မင်းဘူးမြို့နယ် မယ်ဘေ့ကုန်းကျေးရွာမှ ဦးဝင်းချွန်က ပြောကြားသည်။

မင်းဘူးမြို့နယ် နိဗ္ဗာန်ကျွန်းကျေးရွာမှ ရေဘေးရှောင်လာသည့် ဦးလှမြင့်က “ကုန်းရှိတဲ့နေရာမှာ နွားတွေရော ရွှေ့လာရပြီး သီးနှံစိုက်ခင်းတွေလည်းရှိတော့ နွားလွှတ်ကျောင်းရတာလည်း အခက်အခဲ ရှိပါတယ်။ မိုးကလည်း ရွာနေတော့ ဗွက်တွေထဲမှာပဲ နေရပါတယ်။ လူလည်းဆင်းရဲ၊ နွားလည်းဆင်းရဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နေကြရပါတယ်။ မဖြစ်တော့လည်း နေကြရမှာပဲလေ” ဟု ပြောကြားသည်။

ဧရာဝတီမြစ်ရေ ဝင်ရောက်နေမှုကြောင့် မကွေးတိုင်းအတွင်း ပခုက္ကူ၊ ရေစကြို၊ ချောက်၊ စလင်း၊ ပွင့်ဖြူ၊ ရေနံချောင်း၊ မင်းဘူး၊ ကံမမြို့ နယ်များအတွင်း စာသင်ကျောင်း ၁၁၆ ကျောင်း ပိတ်ထားရပြီး ကျောင်းသူ ကျောင်းသား ၁၁၀၀၀ ကျော် ပညာသင်ယူမှု ရပ်နားထားရကြောင်း တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ကျောင်းများသည် ပထမအကြိမ် မြစ်ရေကြီးစဉ်ကလည်း ရက်ရှည်ပိတ်ထား ရသောကြောင့် ကျောင်းသူ ကျောင်းသားများ၏ ပညာသင်ယူမှု နောက်ကျနေရကြောင်း ဒေသခံများက ပြောကြားသည်။

ဧရာဝတီမြစ်ရေကြီးမှုကြောင့် သြဂုတ် ၂၃ ရက်အထိ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့ နယ် အတွင်းမှာ လူဦးရေ ၂၃၁၄၈ ဦး ရေဘေး ရှောင်နေရကြောင်း ရေဘေးသင့်ပြည်သူများ အတွက် တစ်ပတ်စာ ဆန်ဖိုးအဖြစ် တစ်ဦးလျှင် ကျပ် ၂၁၀၀ နှုန်း ထောက်ပံ့ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ပထမအကြိမ် ရေကြီးစဉ်က ရေဘေးရှောင်ရသူပေါင်း ၆၈၀၀၀ ကျော်ရှိခဲ့ကြောင်း တိုင်းလူကယ်ပြန်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသွဲ့သွဲ့အောင်ထံမှ သိရသည်။

ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရေဘေးကြုံတွေ့နေရသည့် ကျေးရွာအများစုတွင် ကမ်းပြိုမှုများလည်း ဖြစ်ပေါ်လေ့ရှိကြောင်း၊ ပထမအကြိမ် ရေပြန်ကျစဉ်က မြစ်ကမ်းပြိုမှုကြောင့် စလင်း၊ ပွင့်ဖြူ၊ မင်းဘူးမြို့နယ်များရှိ ကျေးရွာ ၁၀ ရွာခန့်မှ နေအိမ်များ ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် စင်တီမီတာ ၁၇၀၀ စီရှိသည့် မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် စိုးရိမ်ရေမှတ်ရောက်ရန် တစ်ပေနှင့် နှစ်ပေစီသာ လိုတော့ပြီးနောက် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ် ကျော်လွန်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သြဂုတ် ၂၃ ရက်က ကြေညာထားသည်။

Most Read

Most Recent