တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံကွင်းဟောင်းတွင် ပွဲတော်ဆက်လက် ကျင်းပခွင့်ရရှိရေး သက်ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြတောင်းဆိုမည်

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံကွင်းဟောင်းတွင် ပွဲတော်ဆက်လက် ကျင်းပခွင့်ရရှိရေး သက်ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြတောင်းဆိုမည်
Published 25 June 2018

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံကျင်းပနေသည်ကို ၂၀၁၇ ခုနှစ်အတွင်းက တွေ့ရစဉ်

ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံကျင်းပရာ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းဟောင်းမှာပင် ပွဲတော်ဆက်လက် ကျင်းပခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ အဆင့်ဆင့်ထံသို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့၊ မြကန်သာလမ်း၊ အလယ် BOC အနီးရှိ တောင်ပေါ်လူထုရပ်ဝန်း Publice Centre တွင် ဇွန် ၂၄ ရက် မွန်းလွဲပိုင်း ၁ နာရီမှစတင်၍ တောင်ကြီးမြို့၊ အဝေရာ ကုန်းသာယာ မီးပုံးပျံကွင်းအား အများပြည်သူ တရားဝင်ရရှိရေးအတွက် အရပ်ဘက် အဖွဲ့အစည်းများနှင့် ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်အသင်း၊ မီးပုံးပျံယမ်းဆရာတို့နှင့် တွေ့ဆုံကြပြီး၊ ဖြေရှင်းမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြခြင်းလည်းဖြစ်သည်။

တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းဟောင်းသည် နေရာကျဉ်းမြောင်းခြင်းနှင့် လူထုထိခိုက်အန္တရာယ်ဖြစ်စေနိုင်သော အကြောင်းပြချက်ဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကံကြီးရပ်ကွက် ထင်းရှူးတောအတွင်းရှိ နောက်ထပ် နေရာသစ်တစ်ခု ရွှေ့ပြောင်းနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်မှ စတင်၍ ကြိုတင်ပြင်ဆင်နေခြင်းအပေါ် မြို့ခံပြည်သူလူထုများ၏ စိုးရိမ်စိတ်များ မြင့်တက်လာသည့်အတွက် ကွင်းဟောင်းနေရာကို အများပြည်သူ တရားဝင်ရရှိနိုင်စေရေးအတွက် တရားဥပဒေအတိုင်း နည်းလမ်းမျိုးစုံဖြင့် ကြိုးစားဆောင်ရွက်သွားကြရန် လမ်းကြောင်းများကို ရှာဖွေစဉ်းစားကြခြင်းလည်း ဖြစ်သည်။

ထိုတွေ့ဆုံပွဲ ရလဒ်အဖြစ် ကွင်းမပြောင်းရွှေ့ရခြင်း၏ ခိုင်လုံသော အကြောင်းတရား ငါးချက်ကို ကောက်နုတ်ခဲ့ကြပြီး၊ ထိုခိုင်လုံသော အကြောင်းတရားများကို ဦးတည်ကာ တောင်းဆိုရမည့် လမ်းကြောင်းများအဖြစ် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော်တို့ထံသို့ အဖွဲ့ပေါင်းစုံ ပါဝင်သော လက်မှတ်များဖြင့် တင်ပြသွားနိုင်ရန်၊ ပြင်ဆင်လျက်ရှိပြီး၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လာမည့်တစ်ပတ်အတွင်း ရပ်မိရပ်ဖ၊ ဌာနဆိုင်ရာများ၊ မြို့ခံများ၊ ပညာရှင်၊ ဝါသနာရှင်များအဖွဲ့ပေါင်းစုံတို့ဖြင့် နောက်ထပ် အစည်းအဝေးတစ်ခု ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကွင်းမပြောင်းရွှေ့ရခြင်း၏ အဓိက ခိုင်လုံသော အကြောင်းတရားများမှာ (၁) နေရာဝေးသွားသဖြင့် ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်း၊ (၂) ရာသီဥတု လေကြောင်းအရ စိုးရိမ်ဖွယ်ရှိခြင်း၊ (၃) အမှိုက်ပုံနဲ့ နီးသဖြင့် ကျန်းမာရေးရှုထောင့် ဆိုးကျိုးဖြစ်နိုင်ခြင်း၊ (၄) လက်ရှိကွင်းဟောင်းမှ မီးပုံးပျံလွှတ်လျှင် မြို့တွင်းမှ လှမ်းမြင်နေရပြီး ကွင်းဝေးသွားလျှင် မမြင်နိုင်တော့ခြင်း၊ (၅) ဝေးလံသည့်အတွက် သွားလာရာတွင် ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ခြင်း၊ (၆) ပြည်တွင်း ပြည်ပခရီးသွားများအတွက် အဆင်ပြေစေရန် ထည့်သွင်းစဉ်းစားသင့်ခြင်း၊ (၇) တောင်ကြီးမြို့၏ ပွဲတော်၊ ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခု၊ မြို့တော်၏ ဂုဏ်သိက္ခာနှင့် ရိုးရာဓလေ့ပွဲ တော်တစ်ခုလည်း ဖြစ်နေခြင်း၊ စသည့် အချက်များထဲမှ ခိုင်လုံသော အချက်ငါးချက်ကို ထုတ်နုတ်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေး ဆုံးဖြတ်ချက်အဖြစ် အဝေရာကုန်းသာယာ မီးပုံးပျံကွင်းဟောင်းတွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ဆက်လက်ကျင်းပသွားနိုင်ရန်အတွက် ခိုင်လုံသော အကြောင်းတရားများဖြင့် တင်ပြတောင်းဆိုသွားကြရန်၊ ထိုသို့ တောင်းဆိုရာတွင် မည်သည့် အများပြည်သူကို အထိတ်တလန့် ရုန်းရင်းဆန်ခတ် ဖြစ်စေသည့် နည်းလမ်းနှင့် မဟုတ်ဘဲ ပြည်သူလူထုသဘောဆန္ဒနှင့်အညီ ငြိမ်းချမ်းစွာ တင်ပြတောင်းဆိုသွားရန်၊ နောက်တစ်ကြိမ် အစည်းအဝေးကို တစ်ပတ်အတွင်း ကျင်းပနိုင်ရန်နှင့် ထိုအစည်းအဝေးတွင်လည်း မြို့မိမြို့ဖ၊ ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ထည့်သွင်း ဖိတ်ကြားသွားနိုင်ရန်တို့ပင်ဖြစ်သည်။

Most Read

Most Recent