စစ်ကိုင်းမြို့ IBEC ဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်းအုပ်ဆရာတော် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးဆု ရရှိ

စစ်ကိုင်းမြို့ IBEC ဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်းအုပ်ဆရာတော် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးဆု ရရှိ
Published 25 June 2018

စစ်ကိုင်းမြို့ IBEC ဗုဒ္ဓဘာသာပညာရေးစင်တာ (Photo: IBEC)

ကမ္ဘာ့ကုလသမဂ္ဂမှ ပေးအပ်သည့် ငြိမ်းချမ်းရေးဆု Stockholm World Peace Prize 2018 အား စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး IBEC ဗုဒ္ဓဘာသာပညာရေးစင်တာ၏ ပဓာနနာယကကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တသောဘိတက ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုပေးအပ်ပွဲကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၂ ရက်အထိ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကျင်းပမည့် ကမ္ဘာ့ငြိမ်းချမ်းရေးညီလာခံ (Stockholm) ၌ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအဖွဲ့များ၊ United Nation and Universal Federation Peace Federation နှင့် ဆွီဒင်နိုင်ငံရှိ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့များမှ စီစဉ်၍ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဆုအား IBEC ဆရာတော်အား ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆုသည် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များ၊ နိုင်ငံတကာ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပူးပေါင်းပါဝင်သည့် ပုဂ္ဂိုလ်များအား ရွေးချယ်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယင်းဆုကို အမေရိကန်၊ အာဖဂန်နစ္စတန်၊ နီပေါ၊ အိန္ဒိယနိုင်ငံနှင့် မြန်မာ IBEC - ဗုဒ္ဓဘာသာပညာရေးစင်တာ (မြန်မာ) တို့ရရှိမည်ဖြစ်ပြီး IBEC-Netherlands ဦးဆောင် တည်ထောင်သူ၊ ကျွန်းလှမြို့ သီတဂူ ဗုဒ္ဓတက္ကသိုလ်၏ ဒု-ပါချုပ်ဆရာတော်ဖြစ်သော ဘဒ္ဒန္တသောဘိတသည် ပြည်တွင်းပြည်ပ ငြိမ်းချမ်းရေး၊ ပညာရေးနှင့် လူသားအကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်များအား ဂုဏ်ယူအသိအမှတ်ပြုသောအားဖြင့် ဆုရွေးချယ်ပေးအပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းအုပ်ဆရာတော် (Photo: IBEC)

စစ်ကိုင်းမြို့ IBEC ဗုဒ္ဓဘာသာပညာရေးစင်တာ၏ ပဓာနနာယကကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တသောဘိတသည် ၂၀၁၅- ခုနှစ်အတွင်းကလည်း ကိုရီးယားနိုင်ငံအခြေစိုက် ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ကြီး၏ ငြိမ်းချမ်းရေး သံတမန်အဖြစ်လည်း ခန့်အပ်ခြင်းခံခဲ့ရကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးတွင် IBEC ဗုဒ္ဓဘာသာပညာရေးစင်တာကို တည်ထောင်ခဲ့ပြီး အဆိုပါ ဗုဒ္ဓဘာသာပညာရေး စင်တာ၌ ပရိယတ္တိ၊ ဘုန်းတော်ကြီးသင် ပညာရေးအထက်တန်းကျောင်း၊ လူငယ်များအတွက် အင်္ဂလိပ်စာနှင့် HR ကို မြှင့်တင်သည့် လုပ်ငန်းများမြောက်မြားစွာကိုလည်း ဆောင်ရွက်ပေးနေကြောင်း၊ ထို့ပြင် ကျွန်းလှမြို့တွင် သီတဂူဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ကာ Community in Buddhism သင်တန်းများ ဖွင့်လှစ်ကာ သင်ကြားပို့ချနေသည့်အပြင် နိုင်ငံတကာ သာသနာပြုလုပ်ငန်းများနှင့် ပညာရေးအစီအစဉ်များကိုလည်း နယ်သာလန်နိုင်ငံတွင် IBEC ကျောင်းတော်ကို ဖွင့်လှစ်ပြီ ဆောင်ရွက်နေကြောင်း စစ်ကိုင်းမြို့ IBEC ဗုဒ္ဓဘာသာပညာရေးစင်တာမှ သိရသည်။

Most Read

Most Recent