ကချင်ပြည်နယ်တွင် မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းချသူ လွန်စွာများနေသည်ဟုဆိုကာ နန်းမားမြို့တွင် ဆန္ဒထုတ်ဖော်

ကချင်ပြည်နယ်တွင် မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းချသူ လွန်စွာများနေသည်ဟုဆိုကာ နန်းမားမြို့တွင် ဆန္ဒထုတ်ဖော်
Published 25 June 2018

ကချင်ပြည်နယ်တွင် မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းချသူ လွန်စွာများနေသည်ဟုဆိုကာ ဇွန် ၂၄ ရက်က နန်းမားမြို့တွင် ဒေသခံများ ဆန္ဒထုတ်ဖော်စဉ်

မူးယစ်ဆေးဝါးတွေ သုံးစွဲသူ၊ ရောင်းသူ များလွန်းသဖြင့် ကချင်ပြည်နယ် နန်းမားမြို့တွင် ဇွန် ၂၄ ရက်က ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဆန္ဒပြပွဲသို့ နန်းမားမြို့ခံများနှင့် ယင်းပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ၄၀၀ ကျော် တက်ရောက်ခဲ့ပြီး ဒေသတွင်း မူးယစ်ရောင်းသူများက သေနတ်၊ လက်ပစ်ဗုံးစတဲ့တွေ ကိုင်ဆောင်ရောင်းချနေတာကြောင့် မတက်ရောက်ရဲသည့် ကျေးရွာဒေသခံများလည်း ရှိနေကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူများက ဆိုသည်။

ဒေသခံများသည် ‘မူးယစ်ရောင်းသူ ဒို့ရန်သူ’ ‘နိုင်ငံတော်မှ ဖမ်းဝရမ်းကို မဆောင်ရွက်သူ အလိုမရှိ’ ‘နန်းမားဖျက်ထွန်းထွန်း ထွက်သွား’ ‘ရောင်းချသူအား ကူညီသူ ဒို့ရန်သူ’ စသည့် ဆိုင်းဘုတ်များ ကိုင်စွဲကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နန်းမားကျေးမြို့မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးသောင်းဉာဏ်က “ဒီနေ့က ဆန္ဒပြတာက နန်းမားအပြင် ကျေးရွာ လေး ငါးရွာက လူတွေလာတယ်။ အားလုံး အင်အား ၄၀၀ လောက်ရှိမယ်။ ဆန္ဒထုတ်ဖော်ရတဲ့ အကြောင်းရင်းကတော့ မူးယစ်ဆေးဝါးသုံးစွဲသူ ရောင်းသူက တအားများနေတယ်။ လူပေါင်းရာချီပြီး သုံးနေကြတယ်။ အဓိက ရောင်းနေတာက အရှေ့တောင်နားမှာပေါ့။ သက်ဆိုင်ရာ အာဏာပိုင်တွေလည်း သိပါတယ်။ ဘာကြောင့် မဖမ်းနိုင်သလဲဆိုတာ ကျွန်တော်တို့ မသိတာ။ ဒီနေ့ဆန္ဒပြတဲ့အခါမှာလည်း ‘နိုင်ငံတော်မှ ဝရမ်းကို မဆောင်ရွက်သူ တို့ရန်သူ တို့၊ နန့်မားဖျက် ထွန်းထွန်း ထွက်သွားလို ဆိုင်းဘုတ်တွေပေါ့။ လက်နက်တွေကိုကိုင်ပြီး ရောင်းနေတော့ တချို့ ဒီနေ့ဆန္ဒပြပွဲကို မလာရဲကြဘူး။ ရောင်းသူက ဘယ်လောက်အားကောင်းသလဲဆိုရင် တနင်္ဂနွေနေ့မျိုးတွေမှာ အလကား သုံးခိုင်းတာ။ ဝက်သားတွေဝယ်ပြီး ဟင်းချက်ကျွေးတာတွေပါ ရှိနေတာလို့ ကြားနေရတယ်။ ဒီဒေသမှာ သုံးတဲ့သူ ဘယ်လောက်များလဲဆိုရင် လယ်ချိန်မှာ ပျိုးနုတ်တို့၊ တခြား စုပေါင်းလုပ်ရမယ်ဆိုရင် ဆေးပြားတို့၊ အဖြူတို့မပေးရင် လူမရဘူး။ အရင်က ထမင်းကျွေး၊ အလွန်ဆုံးရှိ အရက်တိုက်ပေါ့။ အခုက အဲဒီလို မဟုတ်တော့ဘူး အဖြူ၊ အပြားပါမှ။ တစ်နယ်လုံးပဲ” ဟု ပြောကြားသည်။

နန်းမားအုပ်ချုပ်ရေးမှူး ဦးခင်အောင်ဌေးက “ဒီနေ့ဆန္ဒပြတာကတော့ တောင်အင်းဆိုတဲ့ ရွာဘက်မှာ မူးယစ်ဆေးရောင်းတဲ့အဖွဲ့တွေက ဘိန်းဖြူခွက်ယူသွားတဲ့ကလေးကို နားထင်ကို သေနတ်နဲ့ချိန်ပြီး ချိန်းခြောက်ခဲ့တာတွေရှိတယ်။ အဲဒါကို ရွာသားတွေက မကျေနပ်ကြဘူး။ မူးယစ်ရောင်းသူတွေက လက်နက် အတို၊ အရှည်၊ လက်ပစ်ဗုံးတွေကအစ ရှိနေတာကိုး။ ဒီမှာတော့ ဘယ်လောက်များသလဲဆိုရင် လူ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ မူးယစ်ရောင်းငွေဟာ တစ်ရက်မှာ သိန်း ၁၅၀ လောက် ဖြစ်နေတယ်လို့ သိရတယ်။ မူးယစ်ဆေး ဘာကြောင့်ပေါသလဲဆိုရင် ရောင်းသူက တောင်ခြေမှာဖြစ်နေတယ်။ တစ်ဖက်သော အဖွဲ့အစည်းတွေနဲ့လည်း နီးနေတယ်။ ကျွန်တော်က ရပ်ရွာမှာ ကာကွယ်ရေး ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်တော့ ဒီလိုတွေသွားဖမ်းရင် ကိုယ့်လူကို ထိခဲ့မှာလည်း စိုးရိမ်တယ်။ ကျွန်တော်တို့ အများကြီး ဖမ်းခဲ့တယ်။ သက်ဆိုင်ရာကပဲ ပြန်လွှတ်တာမျိုးတွေ ရှိနေတယ်။ တစ်ဖက်က တရားစွဲခံရတာမျိုးတွေရှိတယ်။ ဒါက ပြည်သူ့ရဲတွေ အလုပ်လေ။ အဲဒီလိုတွေကြောင့် အခုလို ဖြစ်နေတာ” ဟု ပြောကြားသည်။

ဇွန် ၂၀ ရက်က ကချင်ပြည်နယ် မိုးညှင်းဒေသ နန်းမားမြို့တွင် မူးယစ်ရာဇာတစ်ဦးကို ဖမ်းဆီးရာတွင် အဓိက တရားခံလွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူကို သေနတ်နှင့် လက်ပစ်ဗုံးများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခဲ့သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားကျေးရွာနယ်မြေရဲစခန်းပိုင် တောင်အင်းကျေးရွာအုပ်စု နန့်စွန်းတောင်တန်း လဆန်ရွာပျက်အနီး တောင်ခြေတွင် တရားမဝင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးရောင်းသည့်အဖွဲ့ကို တပ်နှင့် ရဲဝင်စီးရာ ၂၈ ဦးဖမ်းဆီးမိပြီး အဓိကသံသယဖြစ်သူ ထွန်းထွန်း (ခ) အောင်ဝင်းထွန်းမှာ လွတ်မြောက်သွားခဲ့သည်။ စီးနင်းမှုတွင် အဓိက တရားခံဖြစ်သူ ထွန်းထွန်း(ခ)အောင် ဝင်းထွန်းမှာ လွတ်မြောက်သွားပြီး မူးယစ်ဆေးဝါးသုံးစွဲပြီးနှင့် သုံးစွဲရန် ရောက်ရှိနေသူ ၂၈ ဦးကို သက်သေခံ ဆိုင်ကယ် ၁၀ စီး၊ အခြားသက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ တောင်အင်းကျေးရွာရှိ ထွန်းထွန်း (ခ) အောင်ဝင်းထွန်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာတွင်လည်း မတွေ့ရှိရကြောင်း သိရသည်။

Most Read

Most Recent