မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်း သန့်စင်စက်ရုံများ၏ လူထုအပေါ် များစွာထိခိုက်နစ်နာ စေမှုများကို ပြည်နယ်အစိုးရထံ တိုင်ကြားသော်လည်း လျစ်လျူရှုနေခြင်းအား ရှင်းလင်း

မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်း သန့်စင်စက်ရုံများ၏ လူထုအပေါ် များစွာထိခိုက်နစ်နာ စေမှုများကို ပြည်နယ်အစိုးရထံ တိုင်ကြားသော်လည်း လျစ်လျူရှုနေခြင်းအား ရှင်းလင်း
Published 24 June 2018

မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်း သန့်စင်စက်ရုံများ၏ လူထုအပေါ် များစွာထိခိုက်နစ်နာ စေမှုများအား ပြည်နယ်အစိုးရထံ တိုင်ကြားသော်လည်း လျစ်လျူရှုနေခြင်းအား ရှင်းလင်းပွဲပြုလုပ်နေစဉ်

မော်လမြိုင်စက်မှုဇုန်ရှိ ခနောက်စိမ်းသန့်စင်စက်ရုံများ၏ လူထုအပေါ် များစွာထိခိုက်နစ်နာ စေမှုများအား ပြည်နယ်အစိုးရထံ တိုင်ကြားသော်လည်း လျစ်လျူရှုနေခြင်းအပေါ် ဇွန် ၂၃ ရက် မွန်းလွဲပိုင်းက မော်လမြိုင်စက်မှုဇုန်ရှိ မြို့တော်ဦးကျောင်းတိုက်၌ ဒေသခံများက ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီပွဲလုပ်တဲ့ ရည်ရွယ်ချက်က ပြည်နယ်အစိုးရထံကို တိုင်စာတက်တယ်။ ဒါပေမဲ့ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးတဲ့အတွက် အရေးယူ ဆောင်ရွက်ပေးပါရန် အလို့ငှာ ပြည်နယ်အစိုးရလည်း သိစေချင်ပါတယ်။ ပြည်ထောင်စု အစိုးရလည်း သိစေချင်ပါတယ်။ သမ္မတလည်းသိ စေချင်ပါတယ်။ အဲဒီအပြင်ကို ဒီစက်မှုဇုန်မှာရှိတဲ့ ခနောက်စိမ်းသန့်စင်စက်ရုံ ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ ဆိုးကျိုးတွေ မခံစားရလေအောင် စည်းကမ်းတကျ ဥပဒေအတိုင်းဖြစ်အောင် လုပ်စေချင်ပါတယ်။  အဲဒီရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများ အဖွဲ့မှ ကိုဂျင်မီက ပြောကြားသည်။

“မော်လမြိုင်စက်မှုဇုန်မှာ ရှိနေတဲ့ ခနောက်စိမ်းစက်ရုံတွေနဲ့ပတ်သက်လို့ဒေသခံတွေက ကျွန်တော်တို့အဖွဲ့ကို အကူအညီ တောင်းထားတာတွေ ရှိပါတယ်။ ပြည်နယ် အစိုးရထံကိုလည်း တိုင်စာတွေ ပေးပို့ထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ အရေးယူ ဆောင်ရွက်မှုတွေ မရှိတဲ့အတွက် ကျွန်တော်တို့အဖွဲ့ဆီကို ရောက်လာတာပါ။ အဲဒီအတွက် ကျွန်တော်ကိုယ်တိုင်ပဲ စက်မှုဇုန်က တာဝန်ရှိသူ နှစ်ယောက်နဲ့အတူ မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်း ကြည်ဝင်းတို့နဲ့ တွေ့ဆုံဆွေးနွေး ခဲ့တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီခနောက် စိမ်းစက်ရုံတွေနဲ့ ပတ်သက်လို့ ပြည်သူတွေ ခံစားနေရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြန်လည်စိစစ်ပေးပါမယ်ဆိုတဲ့ အဖြေရခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း ဒီစက်ရုံတွေ ပိတ်သိမ်းပေးဖို့ ပြောဆိုနေတာ မဟုတ်ဘူး။ စက်ရုံ၊ အလုပ်ရုံတွေက ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရှိတာ မှန်တယ်။ ဒါပေမဲ့ စက်ရုံတွေက ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ ဘယ်ပတ်ဝန်းကျင်ကိုမှ ထိခိုက်စရာ မလိုအောင် လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ အဲဒီအကြောင်းတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်” ဟု ကိုဂျင်မီက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ စက်ရုံနဲ့ ခနောက်စိမ်းစက်ရုံက ဝေးပေမယ့် အဲဒီစက်ရုံက ထွက်တဲ့အငွေ့တွေ၊ ကျောက်ကို ကြိတ်လို့ ထွက်လာတဲ့ အမှုန်တွေက စက်ရုံရှိနေတဲ့ အောက်ကနေ အပေါ်ကို လှန်ထွက်လာတယ်။ သူ့ရဲ့အနံ့က နှာခေါင်းကနေပြီး ရှူပြီးရင် ပါးစပ်ထဲငုံထားလိုက်ပြီးမှ လေပြန်ထုတ်လိုက်ရင် ပါးစပ်ထဲမှ ချွဲပြီးကျန်ခဲ့တယ်။ မီးခိုးရဲ့အနံ့က ၂၄ နာ ရီမှာ လေသင့်တိုင်း အနံ့ခံနေရတယ်။ အနံ့မနံတဲ့နေရလို့တော့ မရှိပါဘူး။ လေသင့်သလို့ အလှည့်ကျရှူနေရပါတယ်။ အဲဒီအနံ့နဲ့ လွတ်ကင်းတဲ့ နေရာစက်မှုဇုန်မှာ မရှိပါဘူး” ဟု မော်လမြိုင်စက်မှုဇုန် ရွှေမြို့တော် ၁၆ လမ်းရှိ ကောင်းမြတ်သံရည်ကျို စက်ရုံမှ ကိုသန့်စင်က ဆိုသည်။

“ခနောက်စိမ်းကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့လုပ်တဲ့အချိန်က ဘယ်အချိန်မှန်း မသိတော့ဘူး။ ဒါပေမဲ့ အနံ့က နံတာတော့ နံနေတာပဲ။ ၂၄ နာရီမှာ ၁၀ နာရီလောက် နံပါတယ်။ နံတယ်ဆိုတာက မီးခိုးထွက်တဲ့ အချိန်ဆိုရင် နံပါတယ်။ တစ်ခါတလေလည်း မီးခိုးမထွက်တဲ့ အချိန်လည်း နံနေတာပဲ” ဟု မော်လမြိုင်စက်မှုဇုန် ရွှေမြို့တော် ၆ လမ်းနေ ကိုဝင်းကိုက ပြောကြားသည်။

“ကျွန်မတို့စက်ရုံမှာ ၂၀၁၂ ခု နှစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေပါ စံနှုန်းတွေနဲ့အညီ ဆောင်ရွက်ထားပါတယ်။ နောက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနကလည်း စက်ရုံကိုလာရောက်ပြီးတော့ လေထု၊ မြေထုအခြေအနေကို တိုင်းတာထားတာတွေလည်း ရှိပါတယ်။ အဲဒီအပြင်ကို ရှောင်တခင် လာရောက်စစ်ဆေး တာတွေလည်း ရှိပါတယ်။ လက်ရှိအချိန်အထိ ကျွန်မတို့စက်ရုံက ဥပဒေပါ စံနှုန်းတွေနဲ့အညီ ရှိနေပါတယ်။ အခုပတ်ဝန်းကျင်မှာ အနံ့တွေနံနေတယ်လို့ ပြောနေကြတာတွေ ရှိပါတယ်။ အဲဒီကိစ္စကို ကျွန်မတို့ကိုယ်တိုင် စဉ်းစားလို့မရဘူး ဖြစ်နေတယ်။ အနံ့နံတယ်ဆိုတဲ့ ကိစ္စကို ကျွန်မတို့ အနေနဲ့ဘယ်လိုဖြေရှင်းပေးရမလဲ ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး စက်ရုံအရှေ့မှာ ဆိုင်းဘုတ်ထောင်ထားပါတယ်။ စက်ရုံက အနံ့ထွက်နေတယ်လို့ ယူဆလို့ရှိရင် ဆိုင်းဘုတ်မှာပါတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီးတော့ လာကြည့်ပါ။ အနံ့နံတယ်ဆိုတာနဲ့ လာကြည့်လို့ရပါတယ်။ မေးမြန်းပါ။ ကျွန်မတို့အနေနဲ့ရှင်းပြဖို့ အဆင်သင့် ပြင်ထားပါတယ်။ ဘယ်သူ့ကို မဆိုပါ” ဟု မော်လမြိုင်စက်မှုဇုန်ရှိ Myanmar Shing Shing Metal ကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ရတနာလင်းအောင်က ဆိုသည်။ ၎င်းက ဆက်လက်ပြီး “စက်ရုံကို သက်ဆိုင်ရာက လာစစ်တဲ့အခါမှာ စက်ရုံကို ပိတ်လိုက်လို့ အနံ့မထွက်တော့ဘူးလို့အပြင်မှာ ပြောဆိုနေတာတွေ ကြားရပါတယ်။ ကျွန်မတို့စက်ရုံမှာ ခြောက်ပေပတ်လည် လောက်ရှိတဲ့ မီးဖိုတွေကြီးတွေ ရှိပါတယ်။ အဲဒီမီးဖိုတွေ မီးသတ်ဖို့က လေးနာရီ၊ ငါးနာရီလောက် အချိန်ယူရပါတယ်။ အနံ့နဲ့ပတ်သက်လို့သက်ဆိုင်ရာ တာဝန်ရှိသူတွေ ည ၁၀ နာရီ၊ ၁၁ နာရီလောက် ရှောင်တခင် လာပြီးတော့ အနံ့တွေရှိ၊ မရှိ စစ်တဲ့အချိန်ဆိုရင်လည်း ကျွန်မတို့မှာ ဘာကြိုတင် ပြင်ဆင်ချိန်မှ မရှိဘူး။ ပြင်ဆင်ဖို့လည်း မလိုအပ်ဘူး။ ကျွန်မတို့အနေနဲ့ ဒီအတိုင်းကို တောက်လျှောက် လုပ်နေတာ ဖြစ်ပါတယ်။ အခု ကျွန်မတို့စက်ရုံမှာဆိုရင် ပြည်နယ်အစိုးရရဲ့လမ်းညွန်မှုနဲ့ မီးခိုးခေါင်းတိုင်မှာ လေနဲ့အမှုန်အမွှားတွေ သန့်စင်ပေးတဲ့ စက်တစ်လုံး ဆင်နေပါတယ်။ လာမယ့် သြဂုတ်လလောက်မှာ တပ်ဆင်ပြီး လောက်ပါမယ်။ အဲဒီအချိန်ကျရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေရော၊ ဒေသခံ ပြည်သူတွေရော၊ မီဒီယာတွေရော ဖိတ်ပြီးတော့ ရှင်းလင်းပွဲလေး လုပ်ပေးသွားပါမယ်” ဟု ပြောကြားသည်။

လက်ရှိတွင် မော်လမြိုင်စက်မှုဇုန်၌ ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံ ခြောက်ရုံရှိပြီး ၂၀၁၇ နှစ် ဒီဇင်ဘာလမှစ၍ မြန်မာရှင်းရှင်း ခနောက်စိမ်းစက်ရုံ၊ မြန်မာဆန်းဇော် ခနောက်စိမ်းစက်ရုံနှင့် အရှေ့မြောက် ဆင်ဖြူတော် ခနောက်စိမ်း စက်ရုံအား ပြည်နယ်အစိုးရက လည်ပတ် ခွင့်ပြုထားကြောင်း မွန်ပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ သိရသည်။