ဇွန်လပထမပတ်အတွင်း မိုးရွာသွန်းမှုကြောင့် မတ္တရာမြို့နယ် နွေစပါးစိုက်ဧက နှစ်သောင်းကျော်တွင် ဗက်တီးရီးယား ရွက်ခြောက်ရောဂါ ရာခိုင်နှုန်း ၇၀ ကျရောက်

ဇွန်လပထမပတ်အတွင်း မိုးရွာသွန်းမှုကြောင့် မတ္တရာမြို့နယ် နွေစပါးစိုက်ဧက နှစ်သောင်းကျော်တွင် ဗက်တီးရီးယား ရွက်ခြောက်ရောဂါ ရာခိုင်နှုန်း ၇၀ ကျရောက်
Published 24 June 2018

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ နွေစပါး စိုက်ပျိုးထားမှုများကို တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် နွေစပါးစိုက်ဧက လေးသောင်းကျော်ရှိပြီး ၎င်းတို့အနက် နာကောက်စပါးမျိုး ဧကနှစ်သောင်းကျော်မှာ ဇွန်လပထမပတ်က ရွာသွန်းသောမိုးကြောင့် ဗက်တီးရီးယား ရွက်ခြောက်ရောဂါ ရာခိုင်နူန်း ၇၀ ကျရောက်နေကြောင်း မတ္တရာမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

“မတ္တရာမြို့နယ်မှာ နာကောက်စပါးမျိုးစိုက်တဲ့ တောင်သူအများစု ဗက်တီးရီးယား ရွက်ခြောက်ရောဂါ ခံရတယ်။ ရွက်ခြောက်ရောဂါကျတဲ့ စပါးမျိုးတွေက နာကောက်စပါးမျိုးတွေပေါ့။ နာကောက်စပါးမျိုးက မတ္တရာနယ် ရောက်လာတာက အောက်လမ်း ယိုးဒယားဘက်ကနေ တင်သွင်းပြီး မတ္တရာနယ် ရောက်လာတယ်။ အဲဒီမျိုးက ဒီနယ်က တောင်သူအများစု ဘာကြောင့် ကြိုက်လဲဆိုတော့ တရုတ်အဝယ် ဈေးကွက်ကလည်း ရှိတယ်။ အိတ်စပို့ တင်ပို့ဖို့ အဲဒီမျိုးယူပြီး မတ္တရာနယ်ဘက်မှာ စိုက်ကြတာ။ အဲဒီစပါးမျိုးက မတ္တရာနယ် ရောက်လာတာ ခုနစ်နှစ် နီးပါးရှိပြီ။ အဲဒီစပါးမျိုးကို ကျွန်တော်တို့က အသစ်တစ်ဖန်ပြန်ပြီး အစိုးရကနေ တရားဝင် သုတေသနကနေ ထုတ်ထားတဲ့ စပါးမျိုး မဟုတ်တဲ့ အတွက်ကြောင့် သွေးသစ်လောင်းပြီး ပြန်လည်ပြီး မျိုးဗီဇကို ထုတ်ချုပ်တဲ့ လုပ်ငန်းတွေ မလုပ်နိုင်တော့ဘူးပေါ့။ သူရဲ့ ဗီဇတွေက သွေဖည်သွားပြီးတော့ ရောဂါဒဏ်မခံတဲ့ ဗီဇ ဖြစ်လာတာ။ ပတ်ဝန်းကျင် အခြေအနေက ရောဂါဖြစ်ဖို့ အခြေအနေပေးရင်လည်း ရောဂါဖြစ်မယ်။ အခု မတ္တရာနယ်မှာ တခြားမျိုးကွဲစပါးမျိုးတွေလည်း စိုက်တယ်။ နာကောက်မျိုးလို့ ရက် ၁၂၀ ရက် ၉၀ ရှိတယ်။ ကျွန်တော်တို့ ဌာနကနေ တရားဝင်ထုတ်တဲ့ စပါးမျိုးတွေလည်း စိုက်တယ်။ စိုက်တဲ့အချိန်မှာ နာကောက် စပါးမျိုးပဲ တော်တော်များများ ထိခိုက်ပြီးတော့ တခြားစပါးတွေကျ ရောဂါကျနည်းတယ်ပေါ့။ ကျတာနည်းတာ စပါးမျိုး အားလုံးထဲမှာ နာကောက်စပါးမျိုးပဲ ရောဂါကျတယ်ဆိုတော့ အဲဒီစပါးက ရောဂါခံနိုင်ရည် နည်းတဲ့အတွက် ရောဂါကျရောက်တာပါ။ နာကောက်မျိုးစပါးတွေ တစ်ဧကကွက် ကြည့်မယ်ဆိုရင် အထွက်နှုန်းက ရာခိုင်နှုန်း ၅၀ ကနေ ရာခိုင်နူန်း ၁၀၀ အထိ ဆုံးရှုံးနိုင်တယ်။ ဧကအကွက်တွေလည်း ရှိတယ်။ တောင်သူ တစ်ဦးနဲ့ တစ်ဦး ပျက်စီးမှုက မတူနိုင်ဘူး။ ပျက်စီးမှုခန့်မှန်းရရင် နာကောက် တစ်မျိုးတည်း ဧကနှစ်သောင်းခွဲကျော်ရှိတဲ့ နွေစပါး နာကောက်စပါး စိုက်ဧက ရာခိုင်နှုန်း ၇၀ ရွက်ခြောက်ရောဂါ ကျတယ်လို့ ပြောလို့ရတယ်” ဟု မတ္တရာမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ လက်ထောက်ဦးစီးမှူး ကိုတင်လင်းဦးက ပြောကြားသည်။

ဗက်တီးရီးယား ရွက်ခြောက်ရောဂါမှာ ရာသီဥတု စိုက်ပျိုးမှုနည်း စနစ်ကြောင့် အများဆုံး ဖြစ်ပွားလေ့ရှိပြီး တောင်သူများ အနေဖြင့် ဗက်တီးရီးယား ရွက်ခြောက်ရောဂါဒဏ် ခံနိုင်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုး သင့်သည်ဟု စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

Most Read

Most Recent