ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ရခိုင်ခရီးစဉ်တွင် မျှမျှတတ ဆက်ဆံခဲ့သော်လည်း ရခိုင်တိုင်းရင်းသားများ၏ အခွင့်အရေး လျစ်လျူရှုခံရမည်ကို စိုးရိမ်နေရဆဲဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ပြောကြား

ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ရခိုင်ခရီးစဉ်တွင် မျှမျှတတ ဆက်ဆံခဲ့သော်လည်း ရခိုင်တိုင်းရင်းသားများ၏ အခွင့်အရေး လျစ်လျူရှုခံရမည်ကို စိုးရိမ်နေရဆဲဟု ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ပြောကြား
Published 24 June 2018

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ရခိုင်လူမျိုးများ နှင့် ဌာနေတိုင်းရင်းသား မျိုးနွယ်စုများအပေါ် မျှမျှတတ ဆက်ဆံခဲ့သော်လည်း ရခိုင်လူမျိုးများနှင့် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများ လျစ်လျူရှုခံရမည်ကို စိုးရိမ်နေရဆဲပင်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင် ကျော်က ပြောကြားသည်။

အဓိကအားဖြင့် ရခိုင်ပဋိပက္ခနှင့်ပတ်သက်၍ ရောက်ရှိလာသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ကိုးရက်ကြာ မြန်မာ နိုင်ငံခရီးစဉ်တွင် ရခိုင်အမျိုးသားပါတီ (ANP) နှင့်လည်း ရခိုင်ပြည်နယ်စစ်တွေမြို့တွင် တွေ့ ဆုံဆွေးနွေးခဲ့ကြပြီး ၎င်း၏ ယခုခရီးစဉ်သည် ရခိုင်အရေးနှင့်ပတ်သက်၍ အချက်အလက် လာရောက်စုဆောင်းသည့် ပဏာမလေ့လာရေး ခရီးစဉ်သာဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ယခင်မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်များ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံခြင်းမရှိဘဲ လျစ်လျူရှုကာ ခွဲခြားဆက်ဆံမှုများရှိခဲ့သည် ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

“ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်တိုင်း မှာ အသက်တွေ သေသွားရတာတွေ၊ နောက် ကိုယ့်ရဲ့ရပ်ရွာတွေကို စွန့်ခွာပြီးတော့ ထွက်ပြေးရတာတွေ၊ လယ်ယာကိုင်းကျွန်း၊ ဥယျာဉ် ခြံမြေတွေ၊ ကျွဲနွားတွေ ဆုံးရှုံးရတာတွေက ရခိုင်နဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေပဲ။ အဲဒီတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတော့ အရင်လာတဲ့လူတွေကတော့ ကျွန်တော်တို့အပေါ်မှာ မျှမျှတတ ဆက်ဆံတာမရှိဘဲနဲ့ ဘင်္ဂါလီတွေဘက်ကိုပဲ မျက်နှာလိုက်ပြီး လုပ်ခဲ့ တာတွေရှိတယ်။ ဥပမာ ကင်တားနားတို့ ယန်ဟီလီတို့လိုပေါ့ဗျာ။ အဲဒီတော့ အခုလည်း ကျွန်တော်တို့ဘက်ကတော့ ကျွန်တော်တို့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လျစ်လျူရှုမှာကိုတော့ ကျွန်တော်တို့ အရမ်း စိုးရိမ်နေတုန်းပဲ” ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ယခုခရီးစဉ်သည် အချက်အလက် စုဆောင်းသည့် ပဏာမခရီးစဉ်သာဖြစ်သည့်အတွက် အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ ဝေဖန်ရန် အချိန်စောနေသေးပြီး ၎င်းနှင့် ရခိုင် အမျိုးသားပါတီတို့၏ တွေ့ဆုံဆွေးနွေးမှုသည် အပြုသဘောဆောင်ကာ နူးညံ့သိမ်မွေ့ကြောင်း ဦးထွန်းအောင်ကျော်က ပြောကြားသည်။

“အဓိကထောက်ပြစရာ တစ်ခုကတော့ ကျွန်တော်တို့ကို ဖိအားပေးနေတာက အီးယူ နိုင်ငံတွေပါ။ ဒီအမျိုးသမီးကလည်း အီးယူက ဆွစ်ဇာလန်နိုင်ငံက အမျိုးသမီးတစ်ယောက် ဖြစ်နေတဲ့အတွက် သူ့ရဲ့လုပ်ကိုင်ဆောင်ရွက် တာတွေက အီးယူလိုပဲလားလို့ စိုးရိမ်တာပေါ့ဗျာ။ အီးယူလိုပဲ ဖိအားတွေများမယ်ဆိုရင် ကျွန်တော်တို့ ရခိုင်နဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ မျှော်လင့်ချက်က သိပ်ပြီးတော့မှ ပြည့်စုံနိုင်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်  Ms. Christine Schraner Burgener  ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရခိုင်ပြည်နယ် အခြေစိုက် ရခိုင်အမျိုးသားပါတီ (ANP) နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းသည် အပြုသဘော ဆောင်ပြီး ကြိုဆိုရမည့်ကိစ္စလည်းဖြစ်ကြောင်း ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ဘင်္ဂါလီများလည်း ရှိသကဲ့သို့ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိသော ဘင်္ဂါလီများလည်း ရှိနေသည့် အတွက် ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းရှိ ဒုက္ခသည် စခန်းများတွင် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသော ဘင်္ဂါလီဒုက္ခသည် တစ်သန်းနီးပါး ရှိနေသည်ဟူသော အချက်ကို တိကျစွာ စစ်ဆေး၍ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ပေးရန်ကိုလည်း ပြည်ထောင်စု အစိုးရအဖွဲ့အား တောင်းဆိုကြောင်း ဒေါ် ခင်စောဝေက ပြောကြားသည်။

“သူတို့ (ပြည်ထောင်စုအစိုးရအဖွဲ့) နဲ့ ဆက်ဆံဆောင်ရွက်နေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ရှိတာပဲ။ အဲဒီအဖွဲ့အစည်းတွေကို ကျွန်တော်တို့ကတော့ ဒီလူစာရင်းကို စစ်ဆေးချင်တယ်။ ဒါကို ကူညီပေးပါဆိုရင် သူတို့ က ကူညီပေးမှာပဲ။ တရားဥပဒေစိုးမိုးမှုကို လိုလားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့လည်း ဥပဒေနဲ့အညီစစ်ဆေးမယ့် ဒီကိစ္စကို လက်ခံပေးရမယ်” ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ရခိုင်အရေးဖြေရှင်းဆောင်ရွက်ရာတွင် မျှတမှု ရှိရန်လိုအပ်ပြီး ဘက်မလိုက်ဘဲ တိကျမျှတမှု ရှိစွာဆောင်ရွက်မှသာ ရေရှည်တွင် အောင်မြင်မှု ရရှိနိုင်လိမ့်မည်ဟု ဦးထွန်းအောင်ကျော် နှင့် ဒေါ်ခင်စောဝေတို့က ပြောကြားသည်။

Most Read

Most Recent