NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုကော်မတီဝင်အသစ်များရွေးချယ်မည့် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ နှစ်ရက်ကြာပြုလုပ်

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုကော်မတီဝင်အသစ်များရွေးချယ်မည့် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ နှစ်ရက်ကြာပြုလုပ်
Published 24 June 2018

NLD ပါတီ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံတွင် သဘာပတိ ဦးညီပု အဖွင့်အမှာစကားပြောကြားနေစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုကော်မတီဝင်အသစ်များရွေးချယ်မည့် ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် ရန်ကုန် မြို့၊ မရမ်းကုန်းမြို့နယ်ရှိ  MCC ခန်းမ၌ စတင် ပြုလုပ်ခဲ့သည်။

ညီလာခံသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ညီလာခံကိုယ်စားလှယ် ၁၀၅၆ ဦး တက်ရောက်ခဲ့ပြီး ၉၄ ရာခိုင်နှုန်း တက်ရောက်သည့်အတွက် ညီလာခံအထ မြောက်ခဲ့ကာ ညီလာခံအား ယနေ့ (ဇွန် ၂၄ ရက်)အထိ ပြုလုပ်မည်ဖြစ်သည်။

ပါတီညီလာခံ၌ သဘာပတိအဖြစ် ဆောင်ရွက်သည့် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးညီပုက ညီလာခံကျင်းပရန်နှင့်ပတ်သက်၍ “ရည်ရွယ်ချက်များကတော့ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်များအား အ ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ အင်အားပြည့်ဝ၍ ခိုင်မာအားကောင်းပြီး စည်းလုံးညီညွတ်သည့်အဖွဲ့အဖြစ် ဆက်လက်ရပ်တည်သွားနိုင်ရေး၊ အဖွဲ့ချုပ်ခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပါတီ ခေါင်းဆောင်များ၏ ဦးဆောင်မှု၊ လမ်းညွှန်မှုနောက်မှ စည်းလုံးညီညွတ်စွာ လိုက်ပါ ဆောင်ရွက်နိုင်ရေး၊ အဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များ အရည်အချင်းပြည့်ဝပြီး နိုင်ငံ့အကျိုးအတွက် သယ်ပိုးဆောင်ရွက်နိုင် ရေး၊ ပါတီ၏ ပုံရိပ်ဂုဏ်သိက္ခာမြင့်မားရေး နှင့် ပြည်သူယုံကြည်လက်ခံမှုပိုမိုရရှိရေး ယခုညီလာခံမှ ချမှတ်မည့်မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်အောင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ပြည်သူတို့၏ အနာဂတ်ဘဝပိုမိုတိုးတက်မြင့်မားရေး စသည့် ရည်ရွယ်များဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုညီလာခံတွင် လစ်လပ်လျက်ရှိသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအား ရွေးချယ်ခြင်း၊ ဗဟိုကော်မတီဝင်များနှင့် အရန်ဗဟိုကော်မတီဝင်များအား ရွေးချယ် ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးညီပုက ဆိုသည်။

“ယခုညီလာခံကြီးတွင်လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာ၊ စည်းရုံးရေးအစီရင်ခံစာများကို တင်သွင်းခြင်း၊ လစ်လပ်လျက်ရှိသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အရန်ဗဟိုအလုပ်အမှုဆောင် အဖွဲ့များအား ရွေးချယ်ခြင်း၊ ဗဟိုကော်မတီဝင်များနှင့် အရန်ဗဟိုကော်မတီဝင်များအား ရွေးချယ်ခြင်း စသည့်လုပ်ငန်းများကို တက်ရောက်လာသော ကိုယ်စားလှယ်များအနေ နှင့် အလေးအနက်ထားဆောင်ရွက်သွားကြရန်ဖြစ်ပါတယ်။ သို့မှသာ ယခုညီလာခံကျင်းပရခြင်းရဲ့ အနှစ်သာရနှင့် ရည်ရွယ်ချက်များကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်”ဟု ညီလာခံသဘာပတိ ဦးညီပုက ပြောကြားသည်။

ထို့ပြင် ညီလာခံမှ ဆုံးဖြတ်ချက်များ၊ ရှေးလုပ်ငန်းစဉ်များကိုလည်း အမြော်အမြင် ကြီးကြီးဖြင့် ဆောင်ရွက်သွားကြရန်လည်း ဦးညီပုက တိုက်တွန်းပြောကြားသည်။

NLD ပါတီညီလာခံ ပထမနေ့တွင် သဘာပတိအဖြစ် ဦးညီပုက ဆောင်ရွက်ကာ အဖွင့်မိန့်ခွန်းပြောကြားပြီးနောက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ဖတ်ကြားတင်သွင်းခဲ့သည်။

ဒေါက်တာဇော်မြင့်မောင် ဖတ်ကြားတင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာတွင် နိုင်ငံတော်အစိုးရ၏ ဦးစားပေး ရည်မှန်းချက် (၃) ရပ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ထားကြောင်း NLD ပါတီက ကောက်နုတ်တင်ပြထားသည်။

ထို့ပြင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး၊ ၂၀၂၀ အထွေထွေရွေးကောက် ပွဲအောင်နိုင်ရေး၊  ခိုင်မာအားကောင်းသော အဖွဲ့ချုပ်ကို စနစ်တကျတည်ဆောက်ရေးနှင့် အဖွဲ့ချုပ်အစိုးရ၏ မူဝါဒနှင့် လုပ်ငန်းများကို ဝန်းရံရေးတို့ကို ရှေ့လုပ်ငန်းစဉ်များအဖြစ် နိုင်ငံရေးအစီရင်ခံစာတွင် ဖော်ပြထားကြောင်း NLD ပါတီ သတင်းပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ညီလာခံပထမနေ့တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ စည်းရုံးရေးအစီရင် ခံစာကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဖတ်ကြားတင်သွင်းခြင်း၊  ညီလာခံ လုပ်ထုံးလုပ်နည်းများအကြောင်း နှင့် ဗဟိုကော်မတီဝင် ရွေးချယ်ပုံအဆင့်ဆင့် ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းတို့က ရှင်းလင်းတင် ပြခဲ့ကြောင်း သိရသည်။

ထို့အတူ NLD ပါတီ၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံ ပထမနေ့တွင် တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် ဗဟိုကော်မတီဝင်နှင့် အရံဗဟိုကော်မတီဝင်များကိုလည်း ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။

“ပါတီ၏အင်အားသည် ပြည်သူ့ထောက်ခံမှု အင်အားဖြစ်သည့်အားလျော်စွာ ယခုတာဝန်ပေးရွေးချယ်ခံရသော ခေါင်းဆောင်များအနေဖြင့် ပြည်သူများ၏ ယုံကြည်လေးစား အားထားမှုများ ရရှိလာစေရန်နှင့် အဖွဲ့ချုပ်ပါ တီဝင်အင်အား ပိုမိုတောင့်တင်းခိုင်မာလာစေရန် အထူးကြိုးစား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်”ဟု ဦးညီပုက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၁၉၉၈ ခုနှစ် စက်တင်ဘာ ၂၇ရက်တွင်  ပါတီတည်ထောင်ပြီး ၂၅ နှစ်အကြာ ၂၀၁၃ ခုနှစ်တွင် ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ကျင်းပခဲ့သည်။

Most Read

Most Recent