ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ဒေါ်လာ ၄ ဒသမ ၉၉၃ ဘီလျံရရှိရန် ရှာဖွေရမည်ဖြစ်ကြောင်းနှင့် အစိုးရက စီးပွားရေးဝင်မလုပ်ရဆိုသည့် မူကို ထောက်ခံကြောင်း NYDC ၏ CEO ဦးသိမ်းေ၀ ပြောကြား

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ဒေါ်လာ ၄ ဒသမ ၉၉၃ ဘီလျံရရှိရန် ရှာဖွေရမည်ဖြစ်ကြောင်းနှင့် အစိုးရက စီးပွားရေးဝင်မလုပ်ရဆိုသည့် မူကို ထောက်ခံကြောင်း NYDC ၏ CEO ဦးသိမ်းေ၀ ပြောကြား
Published 24 June 2018

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အနည်းဆုံး ဒေါ်လာငါးဘီလျံကုန်ကျမည်ဟု ခန့်မှန်းထားပြီး NYDC တွင် ကျပ် ၁၀ ဘီလျံသာရှိ၍ အဆိုပါပမာဏမှာ ဒေါ်လာခုနစ်သန်းသာရှိသဖြင့် ဒေါ်လာ ၄ ဒသမ ၉၉၃ ဘီလျံရရှိရန် ရှာဖွေရမည်ဖြစ်ကြောင်းနှင့်  အစိုးရက စီးပွားရေး ဝင်မလုပ်ရဆိုသည့်မူကို ထောက်ခံကြောင်း  NYDC ၏ CEO ဦးသိမ်းဝေက ဇွန် ၂၃ ရက်တွင် ပြောကြားသည်။

“အစိုးရက စီးပွားရေးဝင်မလုပ်ဘူးဆိုတဲ့မူကို ကျွန်တော်လက်ခံတယ်။ တစ်ကမ္ဘာလုံးမှာ အစိုးရက စီးပွားရေးဝင်လုပ်ပြီး အောင်မြင်တယ် ဆိုတာ တော်တော်လေး ရှားပါတယ်။ စင်ကာပူမှာ အောင်မြင်မှုရှိတယ်။ ဒါ ပေမဲ့ အာရှတိုက်တစ်ခုလုံးကြည့်ရင် ဒီတစ်နိုင်ငံပဲ အောင်မြင်မှုရှိတယ်လို့ ပြောလို့ရတယ်” ဟု ဦးသိမ်းဝေက ပြောကြားသည်။

NYDC တွင် ကျပ် ၁၀ ဘီလျံသာရှိပြီး မြန်မာနိုင်ငံရှိ အများပိုင်ကုမ္ပဏီများအနက် ငွေကြေးအားဖြင့် အဆင်းရဲဆုံးကုမ္ပဏီဟု ဆိုနိုင်သော်လည်း မြေများစွာပိုင်ဆိုင်ထားသဖြင့် စုစုပေါင်းပိုင်ဆိုင်မှုတွင် အချမ်းသာဆုံး ကုမ္ပဏီဟု ပြောနိုင်မည်ဖြစ်ကြောင်း၊ NYDC ၏ တာဝန်မှာ ရင်းနှီးမြှုပ်နှံမည့်သူများကို မြန်မာနိုင်ငံအတွင်းသို့ ခေါ်ဆောင်လာနိုင်ရေးတစ်ခုသာဖြစ်ကြောင်း ဦးသိမ်းဝေက ဆက်လက်ပြောကြားသည်။

“ရန်ကုန်မြို့သစ်စီမံကိန်းတည်ဆောက်ဖို့အတွက် တွက်ရင် အနည်းဆုံးတောင် ဒေါ်လာ ငါးဘီလျံလိုတယ်။ ငါးဘီလျံလောက်မရှိရင် ဒီမြို့သစ်က တက်လာမှာ မဟုတ်ဘူး။ တက်မလာလို့ရှိရင် ဘယ်သူမှလည်း လာမှာ မဟုတ်ဘူး။ မီးတို့၊ ရေတို့၊ လမ်းတို့လိုအပ်ချက်တွေ ရှိနေလို့။ NYDC ကို တိုင်းအစိုးရက ကျပ် ၁၀ ဘီလျံပဲပေးထားတယ်။ အဲဒါက ဒေါ်လာ ၇ သန်းပဲရှိပြီး ဒေါ်လာ ၄ ဒသမ ၉၉၃ ဘီလျံ ဟနေတယ်။ NYDC ရဲ့ တာဝန်သည် ဒေါ်လာ ၄ ဒသမ ၉၉၃ ဘီလျံကို သွားရှာပြီး ရန်ကုန်မြို့သစ်ထဲထည့်ဖို့”  ဟု ဦးသိမ်းဝေက ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံနှင့် ချိတ်ဆက်မည့် ရန်ကုန် မြို့သစ်စီမံကိန်း၏ မြေနေရာမှာ ပင်လယ်ရေမျက်နှာပြင်အောက် ဖြစ်နေခြင်း၊ တံတားနှစ်စင်းသာ ထိုးရန် စီစဉ်ထားသဖြင့် ယာဉ်ကြော ပိတ်ဆို့မှု ကြုံတွေ့ရနိုင်ခြင်း၊ တရုတ် CCCC ကုမ္ပဏီကို တင်ဒါမခေါ်ဘဲ ပေးအပ်ခဲ့သဖြင့် ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်ခြင်း၊ တရုတ်-မြန်မာစြင်္ကံတွင် ချိတ်ဆက်မည့် မဟာဗျူဟာ ထွက်ပေါက်နေရာဖြစ်နေသဖြင့် တရုတ်ကုမ္ပဏီသို့ လွယ်လင့်တကူ စီမံကိန်း ပေးအပ်လိုက်မှုအပေါ် အမျိုးသားလုံခြုံရေး ရှုထောင့်မှ မေးခွန်းထုတ်ခြင်း၊ အစိုးရက စီးပွားရေးဝင်ရောက်လုပ်ကိုင်ခြင်း၊ မြန်မာ့မြေများစွာကို ငွေနှင့်လဲမည်ဖြစ်သဖြင့် ဘေးထွက်ဆိုးကျိုးများစွာကို ချိန်ဆရန် လိုအပ်ခြင်း  စသည့်အခြေအနေများအတွက် မေးခွန်းထုတ်ခံနေရသည့် စီမံကိန်းဖြစ်နေပြီး အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းမှာ ကြီးမားလွန်းသဖြင့် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုချက်ရယူရန် ပညာရှင်များက ထောက်ပြထားပြီး ဇွန် ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့်  NYDC Town Hall ဆွေးနွေးပွဲတွင် ပညာရှင်များက အဆိုပါ အချက်များကို ထောက်ပြဆွေးနွေးခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်း တည်ဆောက်ရာတွင်  NYdC အနေဖြင့် လိုအပ်နေသည့် အခြေခံအဆောက်အအုံများကို သားသမီး မြေးမြစ် အစဉ်အဆက် အကြွေးပြန်ဆပ်ရမည့် တာဝန်ကြီးမှ ရှောင်နိုင်ရန် အကြွေးမယူဘဲ ဆောက်လုပ်မည်ဖြစ်သည်။ ထိုသို့ ဆောက်လုပ်ရန် Public - Private Partnership တစ်ခု တည်ထောင်ပြီး ကမ္ဘာတစ်ဝန်းတွင်ရှိသည့် ရှယ်ယာတန်ဖိုးရင်းနှီးမြှုပ်နှံသူများ ( Equity Investors) ကို ဆွဲဆောင်နိုင်အောင် ပြုလုပ် သွားမည်ဟု ဦးသိမ်းဝေက ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့သစ်စီမံကိန်းတွင် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း ရင်းနှီးမြှုပ်နှံရာမှ ပြန်ရမည့် အမြတ်အစွန်း (IRR) ၁၂ ရာခိုင်နှုန်း မျှော်မှန်းထားပြီး အဆိုပါအမြတ်အစွန်းပမာဏကို လက်ခံနိုင်မည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေနေသည်ဟု ဦးသိမ်းဝေက ဆက်လက် ပြောကြားသည်။