<

ကချင်ပြည်နယ် ဖားကန့်ဒေသ မိုးကြီးမြေပြိုမှုတွင် ခုနစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိကာ သုံးဦး ပျောက်ဆုံးလျက်ရှိကြောင်း အစိုးရ စာရင်းများအရ သိရ

ဇွန် ၂၂ ရက်က ဖားကန့်ဒေသတွင် မိုးကြီးမြေပြိုမှုကြောင့် ခုနစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရရှိကာ သုံးဦးပျောက်ဆုံး လျက်ရှိကြောင်း အစိုးရ စာရင်းများအရ သိရသည်။

ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တွင် အလောင်းခုနစ်လောင်းကို တွေ့ရှိသင်္ဂြိုဟ်ခဲ့ကြပြီး အစိုးရစာရင်းအရ သုံးဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက “မနေ့က မိုးကြီးမြေပြိုတာတွေ နေရာအနှံ့ ဖြစ်ခဲ့တယ်။ စာရင်းကောက်နိုင်တာက သေဆုံးတာတွေတာ ခုနစ်ဦးရှိတယ်။ ပျောက်ဆုံးစာရင်းက သုံးဦးရှိပါတယ်။ ငါးဦးဒဏ်ရာရတယ်။ တစ်ဦးကတော့ မြစ်ကြီးနား ဆေးရုံကြီးကို လွှဲထားပါတယ်။ အထူးသဖြင့် လူနေအိမ်တွေ ထိခိုက်တယ်။ အစိုးရရုံးတို့၊ အဆောက်အအုံတို့ ထိတာမရှိပါဘူး” ဟု ပြောကြားသည်။

ဖားကန့်မြို့နယ် NLD ပါတီမှ ဦးရွှေသိန်းက “ပျောက်ဆုံးမှုတွေက များနေတယ်။ မနေ့က ဆွတ်အောင်မှာ လေးဦးလို့ သိရတာ။ ဒီနေ့မြေပြင်သတင်းတွေအရ ဒီထက်များနေတယ်။ တချို့လည်း မဖော်နိုင်တော့ဘူး။ ဘယ်နေရာရောက်လို့ ရောက်မှန်းမသိ ဖြစ်နေတာ။ သာမန်မြေလွှာတွေ၊ သာမန်နေရာတွေ မဟုတ်တော့ မိုးကြီးရင် မြေနိမ့်ပိုင်းတွေ စိုးရိမ်ရတဲ့ အခြေအနေတွေပါပဲ” ဟု ပြောကြားသည်။

ဇွန် ၂၂ ရက် နံနက်က ငါးနာရီခန့် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် တောင်ကျရေနှင့်အတူ မြေစာများ မျောပါလာခြင်း၊ တောင်စောင်းများတွင် မြေပြိုခြင်း၊ ဥရုမြစ်ရေ မြင့်တက်လာခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် ဥရုချောင်းဆယ်ယူရေးနှင့် စွန့်ပစ်မြေစာများ ချောင်းအတွင်း ထပ်မံမကျရောက်ရေးအတွက် ကချင်ပြည်နယ် လွှတ်တော်တွင် နှစ်တိုင်းနီးပါး မေးမြန်းမှုများ ရှိခဲ့သော်လည်း ထိရောက်သည့် အခြေအနေ မဖြစ်သေးကြောင်း သိရသည်။

ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းက ဖားကန့်မြို့နယ်တွင် ဥရုမြစ်နံဘေး ကျေးရွာ ၂၀ ခန့်နှင့် မြို့များအားလုံး ဥရုမြစ်ကြမ်းပြင် မြင့်တက်လာမှုကြောင့် နှစ်စဉ် ရေလွှမ်းဒဏ် ခံနေရကြောင်း၊ အိမ်ခြေရာနှင့်ချီကာ ထိခိုက်ခြင်းကြောင့် မြစ်ကြောင်းရှင်းလင်းရေး ကော်မတီ ဖွဲ့ထားသော်လည်း လုပ်ပိုင်ခွင့်နှင့် တာဝန်ကို ပေးအပ်ထားခြင်း မရှိသဖြင့် ဆယ်ယူမှုနှင့် ချောင်းအတွင်း မြေစာပြန်ကျမှု ထပ်တူနီးပါးသာ ဖြစ်သဖြင့် တိုးတက်မှု မရှိကြောင်း၊ မြစ်ကြောင်း ရှင်းလင်းရေးနှင့် ယင်းနှင့်ဆက်စပ်သည့် စွန့်ပစ်မြေစာပုံများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းမှသာ နောင်နှစ်ပေါင်းများစွာတွင် တဖြည်းဖြည်း အဆင်ပြေနိုင်ကြောင်း ပြည်နယ်လွှတ်တော်တွင် ပြောကြားခဲ့သည်။

အဆိုပါ မေးမြန်းမှုနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က ဖားကန့်ဒေသတွင် ဥရုမြစ်ကြမ်းပြင် မြင့်တက်လာပြီး နှစ်စဉ်ရေကြီး ရေလျှံ ဖြစ်နေမှုကြောင့် ဥရုမြစ်ထိန်းရေး လုပ်ငန်းကို ပြည်ထောင်စု အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန လမ်းညွှန်ချက်အရ လုံးခင်းအခြေစိုက် ကျောက်မျက် တူးဖော်ရေးမှ ရပ်မိရပ်ဖများ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ကျောက်မျက် ကုမ္ပဏီများကိုလည်း စနစ်တကျ မြေစာစွန့်ပစ်ရေး ဆောင်ရွက်နေကြောင်း၊ စွန့်ပစ်မြေစာပုံများ ဥရုမြစ်အတွင်း ပြိုကျခြင်းများကို တွေ့နေရကြောင်း၊ ယခု ကုမ္ပဏီများကို တူးဖော်စေရာတွင် EMP (ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်) များကို စနစ်တကျ ရေးဆွဲစေကြောင်း၊ ဥရုမြစ်ရှင်းလင်းရေး လုပ်ငန်းများ၊ မြေစာပုံ စောင့်ကြည့်ရေး လုပ်ငန်းများလည်း ပါဝင်ကြောင်း၊ ထို့ကြောင့် ချောင်းရှင်းလင်းရေး ကော်မတီနှင့် မြေစာပုံ စောင့်ကြည့်ရေး ကော်မတီအား စည်ပင်သာယာ ကော်မတီများကဲ့သို့ စနစ်တကျ ရွေးချယ်ဖွဲ့စည်းပေးရန် အစီအစဉ် မရှိပါကြောင်း ဖြေကြားခဲ့သည်။

June 23, 2018














Copy Protected by Chetan's WP-Copyprotect.