ကံမမြို့နယ်တွင် သုံးရက်အတွင်း ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသည့် ဘင်္ဂါလီ ၁၂ ဦး ဖမ်းမိ

ကံမမြို့နယ်တွင် သုံးရက်အတွင်း ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသည့် ဘင်္ဂါလီ ၁၂ ဦး ဖမ်းမိ
Published 24 June 2018

ဖမ်းဆီးရမိသည့် ဘင်္ဂါလီအချို့ကို တွေ့ရစဉ်

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်တွင် ဇွန်၂၁ ရက်နှင့် ၂၃ ရက်များက ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသည့် ဘင်္ဂါလီ ၁၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်၂၁ ရက် ညနေပိုင်းက ကံမမြို့နယ် ကြို့ပင်ကျေးရွာအုပ်စု အထက်မီးပေါက် ကျေးရွာအနီးရှိ တောအုပ်အတွင်း သတင်းပေးချက်အရ ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သိရှိခဲ့ရပြီး ရဲတပ်ဖွဲ့မှ သွားရောက် ဖမ်းဆီးခဲ့ရာ ဘင်္ဂါလီလူမျိုး အမျိုးသား ကိုးဦးနှင့် အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၁၁ ဦးတို့ကို လမ်းပြခေါ်ဆောင်လာသူ လေးဦးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီများမှာ ရခိုင်ရိုးမကိုဖြတ်ပြီး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ဇွန် ၂၁ရက်က ဘင်္ဂါလီ ၁၁ ဦးနဲ့ အခကြေးငွေယူပြီး လိုက်ပါပို့ဆောင်သူ လေးဦး ဖမ်းမိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်ကနေ ရိုးမကိုဖြတ်ပြီး ဝင်လာကြတာပါ။ သူတို့က ရန်ကုန်ကိုသွားပြီး အလုပ်လုပ်ဖို့ လာကြတယ်လို့ ကနဦး စုံးစမ်းသိရပါတယ်။ ဒီနေ့ (ဇွန် ၂၃ ရက်) နံနက်ပိုင်းကလည်း ဘင်္ဂါလီတစ်ယောက် ထပ်မိပါတယ်။ သူတို့အားလုံးကိုအမှုဖွင့် စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု ကံမမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၁၂ ဦးကို လဝက ဥပဒေဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး လိုက်ပါပို့ဆောင်သူ လေးဦးအား ရာဇသတ်ကြီးပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ခိုးဝင်လျက်ရှိသည့် ဘင်္ဂါလီများကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ဖမ်းဆီးရမိလျက်ရှိပြီး အချို့မှာ မလေးရှားတွင် အလုပ်သွားလုပ်ရန် ခိုးဝင်ကြခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်အကြမ်းဖက် တိုက်ခိုက်ခံရမှု အပြီးတွင် ခိုးဝင်ဘင်္ဂါလီအများဆုံး ဖမ်းဆီးရမိမှုမှာ ဇွန်လအစောပိုင်းက ရခိုင်ပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်ဖြစ်ပြီး ယင်းဖြစ်စဉ်တွင် ခိုးဝင်ဘင်္ဂါလီ ၁၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent