၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် လက်ရှိအချိန်အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၅ သိန်းကျော် ရေဘေးသင့်ခဲ့

၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် လက်ရှိအချိန်အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၅ သိန်းကျော် ရေဘေးသင့်ခဲ့
Published 24 June 2018

ယခုနှစ်တွင် အဆိုးရွားဆုံးဖြစ်သည့် မော်လမြိုင် ရေကြီးမှုကို တွေ့ရစဉ် (ဓာတ်ပုံ- ဘိုဘိုမြင့်)

၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် လက်ရှိအချိန်ထိ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် လူ ၂၅ သိန်းကျော် ရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။

“၂၀၁၅ မှာ တစ်နိုင်ငံလုံး ရေကြီးရေလျှံမှုတွေ ဆိုးရွားစွာ ကြုံတွေ့ခဲ့ရတာ အားလုံးအသိ ဖြစ်ပါတယ်။ အဲဒီတုန်းက လူဦးရေ ၁၇ သိန်းကျော်လောက်ကို မိမိတို့ မူလနေရာဒေသကနေ ရွှေ့ပြောင်းခဲ့ရတာရှိတယ်။ ၂၀၁၆ ခုနှစ်မှာကျတော့ လူငါးသိန်းကျော်လောက် နေရာရွှေ့ပြောင်း လိုက်ရတယ်။ ဒါက မိုးတွင်းကာလ တစ်ခုလုံးကို ပြောတာပါ။ ၂၀၁၇ ခုနှစ်ကတော့ နည်းသွားတယ်။ ကြိုတင်ကာကွယ်ရေးတွေ၊ ပြင်ဆင်မှုတွေ လုပ်နိုင်တဲ့အတွက် ရေဘေးသင့်တာ သုံးသိန်းကျော်လောက်ပဲ ရှိတယ်။ ၂၀၁၈ မိုးဦးကာလအစမှာ စာရင်းဇယား အရတော့ လေးသောင်းကျော်လောက် ရွှေ့ထားတယ်” ဟု ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။

မြန်မာနိုင်ငံသည် ရေကြီးရေလျှံမှုကို နှစ်စဉ်ရင်ဆိုင်နေရကြောင်း၊ ယခုကဲ့သို့ ဖြစ်ပွားမှုသည် ရာသီဥတု ပြောင်းလဲလာခြင်း၊ ကမ္ဘာကြီး ပူနွေးလာခြင်းနှင့် အခြားအခြားသော အကြောင်းများကြောင့် ဖြစ်ကြောင်း၊ ကြိုတင်ပြင်ဆင်မှုနှင့် အသင့်ဖြစ်မှု အပိုင်းသည် အရေးကြီးကြောင်း ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။

“ကြိုတင်ပြင်ဆင်မှု အားကောင်းလေလေ ထိခိုက်ဆုံးရှုံးမှု နည်းလေလေ ဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။

၂၀၁၆ ခုနှစ်တွင် ကောလင်း၌ ရေအလွန်ကြီးခဲ့သဖြင့် ၂၀၁၇ ခုနှစ်တွင် ကောလင်း၌ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ မြို့တွင်း ရေစီးရေလာ ကောင်းမွန်အောင် လုပ်နိုင်ခဲ့သဖြင့် ရေကြီးရေလျှံမှု သက်သာသွားကြောင်း ဒေါက်တာကိုကိုနိုင်က သုံးသပ်ပြောကြားသည်။

ထို့ပြင် သဘာဝဘေးကြောင့် ဒုက္ခရောက်ရှိခဲ့ပါက နေအိမ်မှ ယာယီစခန်းများ သွားရောက်သည့်အချိန်တွင် စားနပ်ရိက္ခာနှင့် ခိုလှုံစရာ နေရာများ အရေးကြီးကြောင်း၊ မြန်မာနိုင်ငံတွင် သာမန်အားဖြင့် ဘာသာရေး အဆောက်အဦးများ၊ ကျောင်းများ၊ Shelter များသို့ သွားရောက်ခိုလှုံကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆန်ရိက္ခာများနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဒီနှစ်ဆိုရင် ယခင်နှစ်တွေကထက် သုံးဆခန့် ပိုမိုပြီး တိုးမြှင့်ထောက်ပံ့နိုင်တယ်။ နိုင်ငံတော် ဘတ်ဂျက်ကလည်း ပိုမိုခွင့်ပြုထားတာဖြစ်တယ်။ ဒေသမှာရှိတဲ့ လူမှုရေး အဖွဲ့အစည်းတွေက ကူညီကြတယ်။ ပြီးတဲ့ အခါကြတော မနှစ်က ရေစကြို၊ ပခုက္ကူမှာ ရေမကြီးခင်ကတည်းက ကျွန်တော်တို့ ကြိုတင်ပြီးတော့ မိုးကာတဲတွေ ဆောင်ရွက်ထားတာရှိတယ်။ ရေစကြို၊ ပခုက္ကူဆိုတာ ချင်းတွင်းနဲ့ ဧရာဝတီဆုံတဲ့နေရာ၊ အဲဒီလိုနေရာမှာ တချို့သော ရွာလေးတွေက တစ်လကျော်လောက် ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံရတယ်။ ယာယီနေရာမှာ တစ်လကျော်လောက် နေရတယ်။ မနှစ်ကတော့ ကျွန်တော်တို့က ညှိနှိုင်းပြီးတော့ မိုးကာတဲတွေ ဆောက်လုပ်ပြီးတော့ စနစ်တကျ ဆောင်ရွက်နိုင်တယ်။ ပိုပြီးတော့ အဆင်ပြေ ချောမွေ့တာ တွေ့ရတယ်။ ဒီနှစ်လည်း ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။

၂၀၁၈ ခုနှစ် မေ ၂၉ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပွားခဲ့သည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ မိုးရွာသွန်းမှုသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့အပြားတွင် ဖြစ်ပွားခဲ့သည်။ ထို့ပြင်ဇွန် ၁၀ ရက်တွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းတစ်ခု ထပ်မံဖြစ်ပွားပြီး ၎င်းနှင့်အတူ မုတ်သုံလေ အားကောင်းခြင်းကြောင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

 

Most Read

Most Recent