အမျိုးသားအဆင့် သွေးနှင့် သွေးပစ္စည်းမူဝါဒ National Blood Policy ကို ရေးဆွဲလျက်ရှိပြီး အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုနိုင်ရန် စီစဉ်နေ

အမျိုးသားအဆင့် သွေးနှင့် သွေးပစ္စည်းမူဝါဒ National Blood Policy ကို ရေးဆွဲလျက်ရှိပြီး အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုနိုင်ရန် စီစဉ်နေ
Published 24 June 2018

စေတနာ သွေးအလှူရှင် တစ်ဦး၏ သွေးလှူဒါန်းနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

အမျိုးသားအဆင့် သွေးနှင့် သွေးပစ္စည်း မူဝါဒ National Blood Policy ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ရေးဆွဲလျက်ရှိပြီး အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

“သွေးလှူဘဏ်အနေနဲ့ အန္တရာယ်ကင်းတဲ့သွေးတွေ ရရှိသုံးစွဲနိုင်ဖို့အတွက် သွေးလှူချိန်ကစပြီး ဓာတ်ခွဲစစ်ဆေးပေးတာ သိုလှောင်ဖြန့်ဖြူးပေးတာတွေအပြင် သွေးသွင်းချိန်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ စနစ်တကျ ကောင်းမွန်မှုရှိမရှိ သေသေချာချာ စောင့်ကြည့်လေ့လာတဲ့ စနစ်ကို လုပ်ဆောင်နေပါတယ်။ လိုအပ်တဲ့ စက်ပစ္စည်း ကိရိယာတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ပံ့ပိုးပေးပါတယ်။ သွေးလိုအပ်မှုက တစ်နှစ်ထက်တစ်နှစ် များပြားလာတာနဲ့အမျှ စေတနာသွေးလှူရှင်တွေ ပိုမိုရရှိလာဖို့ စည်းရုံးပညာပေးရတဲ့ အပိုင်းကလည်း အလွန်အရေးကြီးလာပါတယ်။ အခုဆိုရင် သွေးလှူမယ့် အလှူရှင်တွေ ကြိုတင်စာရင်း ပေးနိုင်တဲ့ Android Application ကိုလည်း အသုံးပြုနိုင်ဖို့ စီစဉ်ထားပါတယ်” ဟု အမျိုးသားသွေးလှူဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့် (၄၅) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် ပြသခဲ့သည့် သုတေသန ပိုစတာများအရ ပြည်သူ့ဆေးရုံအချို့တွင် အမှန်တကယ် လိုအပ်သည်ထက် သွေးအိတ်များ ပိုမိုတောင်းခံမှုကြောင့် သွေးအိတ်များ မလိုအပ်ဘဲ အလေအလွင့်များ ဖြစ်ပေါ်နေပြီး လိုအပ်သည်ထက် ပိုမိုသွေးတောင်းခံခြင်းများသည် ဆေးရုံအများစု၏ အဖြစ်များသော ပြဿနာတစ်ရပ် ဖြစ်နေကြောင်း ဖော်ပြခဲ့သည်။

သွေးတောင်းခံခြင်းနှင့် သွေးအသုံးပြုခြင်းများနှင့် ပတ်သက်၍ သုတေသနများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဗဟိုအမျိုးသမီး ဆေးရုံကြီးတို့တွင် သုတေသနပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များကို ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံတွင် တင်သွင်းပြသခဲ့ရာ သုတေသနကို ဆေးသုတေသန ဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရှိ လူပုဂ္ဂိုလ်များအပေါ် စမ်းသပ်ခြင်းဆိုင်ရာ ကျင့်ဝတ်ကော်မတီမှ အတည်ပြုခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် သုတေသန ပြုလုပ်ရာ လူနာစုစုပေါင်း ၁၉၉၅ ဦးသည် သွေးစုစုပေါင်း ၆၁၄၂ ယူနစ် တောင်းခံခဲ့ပြီး သွေးအသုံးပြုမှုမှာ ဆေးကုသဆောင်မှ ၉၇ ရာခိုင်နှုန်း၊ ခွဲစိတ်ကုသဆောင်မှ ရာခိုင်နှုန်း ၇၀၊ ကင်ဆာကုသဆောင်မှ ၉၈ ရာခိုင်နှုန်း၊ အရိုးကုသဆောင်မှ ၃၈ ရာခိုင်နှုန်း၊ ဦးနှောက်နှင့် အာရုံကြော ကုသဆောင်မှ ၇၈ ရာခိုင်နှုန်း၊ အထူးပြုကုသဆောင်များမှ ၆၁ ရာခိုင်နှုန်း အသုံးပြုကြောင်းနှင့် ၎င်းတွေ့ရှိချက်များအရ ရန်ကုန်ဆေးရုံကြီးတွင် အရိုးကုသဆောင်မှလွဲ၍ သွေးတောင်းခံမှု၏ ရာခိုင်နှုန်း ၆၀ ကျော်ကို အမှန်တကယ် အသုံးပြုကြောင်း၊ အမှန်တကယ် လိုအပ်သည်ထက် ပိုမိုသွေးတောင်းခံမှုကြောင့် ဓာတ်ခွဲခန်းများတွင် စမ်းသပ်ပစ္စည်းများ အလေအလွင့်ဖြစ်ခြင်း၊ အချိန်ကြာမြင့်ခြင်းနှင့် လူနာတွင် ကုန်ကျငွေများ ပိုမိုများပြားခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ရန်ကုန်ဆေးရုံကြီးရှိ ဆေးကုသဆောင်များမှ သွေးတောင်းခံခြင်းနှင့် သွေးအသုံးပြုခြင်းများတွင် အရေးပေါ် မဟုတ်သော ပုံမှန်ခွဲစိတ်မှုများအတွက် သွေးတောင်းခံခြင်းများ မလိုအပ်ဘဲ များပြားလျက်ရှိနေကြောင်း သုတေသနတွင် ဖော်ပြချက်အရ သိရသည်။

အလားတူ အဆိုပါ သုတေသနကို ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင်လည်း ပြုလုပ်ခဲ့ကြောင်း၊ လူနာစုစုပေါင်း ၇၂၁ ဦးသည် သွေးစုစုပေါင်း ၁၅၄၂ ယူနစ် တောင်းခံခဲ့ပြီး ၎င်းတို့အသုံးပြုမှုမှာ ကိုယ်ဝန်ဆောင်မိခင်များ အဆောင်မှ ၇ ဒသမ ၁၆ ရာခိုင်နှုန်း၊ ကိုယ်ဝန်ပျက်မိခင်များ အဆောင်မှ ၄၄ ဒသမ ၀၈ ရာခိုင်နှုန်း၊ အမျိုးသမီး ရောဂါဆိုင်ရာ ကုသဆောင်မှ ၂၀ ဒသမ ၄၇ ရာခိုင်နှုန်း၊ ကင်ဆာရောဂါကုသဆောင်မှ ၄၉ ဒသမ ၂၉ ရာခိုင်နှုန်း၊ အရေးပေါ် ကုသဌာနမှ ၈ ဒသမ ၂၅ ရာခိုင်နှုန်း အသုံးပြုကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ ကုသဆောင်နှင့် အရေးပေါ်ဌာနတို့သည် တောင်းခံသောသွေး ပမာဏ၏ ၁၀ ရာခိုင်နှုန်းထက်နည်းသော ပမာဏကိုသာ အမှန်တကယ် အသုံးပြုကြောင်း သုတေသန ပိုစတာတွင် ဖော်ပြထားသည်။

 

Most Read

Most Recent