ဧရာဝတီတိုင်းအတွင်း အဝေးပြေးလမ်းမကြီးများ တစ်လျှောက်ရှိ လယ်ယာမြေများကို ခွင့်ပြုချက်မဲ့ အခြားနည်း ပြောင်းလဲသုံးစွဲထားသည့် လုပ်ငန်းရှင်များအား အရေးယူမည်

ဧရာဝတီတိုင်းအတွင်း အဝေးပြေးလမ်းမကြီးများ တစ်လျှောက်ရှိ လယ်ယာမြေများကို ခွင့်ပြုချက်မဲ့ အခြားနည်း ပြောင်းလဲသုံးစွဲထားသည့် လုပ်ငန်းရှင်များအား အရေးယူမည်
Published 24 June 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရန်ကုန်-ပုသိမ် ကားလမ်းမကြီး နံဘေးနှင့် မြို့ချင်းဆက် အဝေးပြေး လမ်းမကြီးများ နံဘေးရှိ လယ်ယာမြေများအား ခွင့်ပြုချက်မဲ့ အခြားနည်း ပြောင်းလဲသုံးစွဲကာ လုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များနှင့် လမ်းနယ်နိမိတ်ကို ကျူးကျော်နေထိုင်နေသည့် နေအိမ်ဆိုင်ခန်းများအား အရေးယူ ဖယ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန်-ပုသိမ် ကားလမ်းမကြီး တစ်လျှောက် လယ်ယာမြေများပေါ်တွင် အခြားနည်း သုံးစွဲခွင့်မရှိဘဲ ခွင့်ပြုချက်မဲ့ အဆောက်အအုံများ ဆောက်လုပ်ကာ လုပ်ငန်းများ လုပ်ဆောင်နေသည့် ညောင်တုန်းမြို့နယ်ရှိ လုပ်ငန်းရှင် ငါးဦး၊ ပန်းတနော်မြို့နယ်ရှိ လုပ်ငန်းရှင် ၃၀၊ ကန်ကြီးထောင့်မြို့နယ်ရှိလုပ်ငန်း ရှင် နှစ်ဦးအားအစိုးရအဖွဲ့မှ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် တားမြစ်မိန့်များ ထုတ်ပြန်ထားကြောင်း၊ လမ်းနယ်နိမိတ်များပေါ်တွင် ကျော်လွန်ကာ တည်ဆောက်ထားသည့် ဈေးဆိုင်းခန်းများနှင့် အဆောက်အအုံများကိုလည်း ဖျက်သိမ်းပေးရန် ညွှန်ကြားထားကြောင်း သိရသည်။

“ဧရာဝတီတိုင်းမှာတော့ ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ့။ ပထမဆုံး ရန်ကုန်က ထွက်လာရင်တွေ့တဲ့ ညောင်တုန်းပေါ့။ ညောင်တုန်းမှာကျတော့ အဲဒီမှာကျေးရွာအုပ်စု ကိုးအုပ်စုလောက်မှာ လယ်ယာမြေပေါ် စိုက်ရေးပျိုးရေး မဟုတ်ဘဲနဲ့ တခြားနည်း သုံးစွဲထားတဲ့ ပုဂ္ဂိုလ် ၄၆ ဦးရှိတယ်။ ၄၆ ဦးထဲမှာမှ ၄၁ ဦးကတော့ လယ်ယာမြေပေါ်မှာ အခြားနည်းသုံးစွဲခွင့်ရဖို့ လျှောက်ထားနေတယ်။ လုံးဝမလျှောက်ဘဲနဲ့ ဆောက်ထားတာက ငါးဦးရှိတော့ အဲဒီငါးဦးကိုတော့ တားမြစ်မိန့်တွေ ထုတ်ထားတယ်။ ကျန်တဲ့နေရာတွေကိုလည်း ဆက်ပြီးတော့ စိစစ်သွားမှာပါ။ နောက် ပန်းတနော်နယ်ထဲကျတော့ ကားလမ်းမကြီးဘေး ဝဲယာမှာ ကျေးရွာအုပ်စု ရှစ်စုလောက်ရှိတယ်။ အဲဒီရှစ်စုလောက်ထဲမှာမှ လယ်ယာမြေပေါ်မှာ အခြားနည်း အသုံးချထားတာ ၅၃ ယောက်ရှိတယ်။

၅၃ ယောက်ထဲမှာ လယ ၃၀ (က) (ခ) ပေါ့။ လျှောက်ထားဆဲဖြစ်ပြီး ကျတော့မယ်။ မလျှောက်ဘဲနဲ့ အခြားနည်း သုံးထားတာက ၃၀ ကျော်လောက်ရှိတယ်။  ဒီလူတွေကိုတော့ တားမြစ်မိန့် ထုတ်ထားတယ်။ ဆက်ပြီးတော့ သူတို့ကို လိုအပ်သလို အရေးယူသွားမယ်။ နောက်ကျောင်းကုန်းမှာကျတော့ လောလောဆယ် ကျောင်းကုန်းတံတား ဆင်းလာတော့ တွေ့ရတာက လမ်းနယ်ကို ကျူးကျော်ထားတာတွေရှိတယ်။ နောက်ကံကလေးလမ်းဆုံ ခေါ်တာပေါ့။ ကားလမ်းမကြီး ဘေးမှာလည်း ဈေးဆိုင်တွေ အဆောက်အအုံတွေ ရှိတယ်။ အဲဒါတွေကကျတော့ လယ်ယာမြေတော့ မဟုတ်ဘူး။ လမ်းနယ်ပေါ်မှာ ကျူးပြီးတော့ ဆောက်တာ၊ အဲဒါတွေကျ ကိုယ်တို့တွေက သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ လမ်းဦးစီးဌာနပေါ့။ သူတို့ဌာနတွေက သက်ဆိုင်ရာ ဥပဒေတွေ စိစစ်ပြီးတော့ အရေးယူသွားမှာပေါ့။ နောက်တစ်ခါကျတော့ ကျောင်းကုန်းကနေ လွန်လာပြီးတော့ ကန်ကြီးထောင့်ထဲ ရောက်လာတယ်။ အဲဒီမှာဘာရှိလဲဆိုတော့ တကုန်းကြီးတို့၊ မြစ်ကျောင်း တစ်ရာတို့၊ ဒါးကတို့ရှိတယ်။ အဲဒီလေးအုပ်စုလောက်မှာ အခြားနည်း သုံးစွဲထားတဲ့ သူက ၂၄ ယောက်ရှိတယ်၊ ၂၂ ယောက်ကတော့ အခြားနည်းသုံးစွဲခွင့်ရဖို့ လျှောက်ထားဆဲဖြစ်တယ်။ နောက် နှစ်ယောက်ကတော့ အခြားနည်း မလျှောက်ထားဘဲ အခြားနည်း သုံးစွဲနေလို့ အဲဒီလူတွေကို တားမြစ်မိန့် ထုတ်ထားတယ်။ အလားတူပဲ ဧရာဝတီတိုင်းထဲမှာ ဒီဘက်ဟင်္သာတတို့ ပုသိမ်-မုံရွာလမ်းတို့ မအူပင်လမ်းတို့ အဲဒါတွေလည်း အခုလိုပဲ စိစစ်နေတာရှိတယ်။ ဆက်ပြီးတော့ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တွေ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့ တိုင်းဒေသကြီးအစိုးရ အနေနဲ့ ကြပ်ကြပ်မတ်မတ် လုပ်သွားမယ် ဒါတွေကိုလည်း ဆက်ပြီးတော့ စည်းမဲ့ကမ်းမဲ့ လုပ်နေတာတွေကို ခွင့်ပြုပေးလို့ မရဘူးပေါ့နော်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်အောင်ဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာမြေများအား အခြားနည်းသုံးစွဲခွင့် လျှောက်ထားမှုများကို တိုင်းဒေသကြီးအစိုးရမှ စိစစ်ကန့်သတ်မှုများ ပြုလုပ်နေလျက်ရှိပြီး တင်ပြလာသည့် လုပ်ငန်းများ လိုအပ်ချက်အရ အနည်းဆုံးသော မြေဧရိယာကိုသာ ခွင့်ပြုပေးနေကြောင်း သိရသည်။

 

Most Read

Most Recent