ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နောင်မွန်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၂၄၀၀ ကျော်ဖိုးနှင့် တူမီးသေနတ်တစ်လက် ဖမ်းဆီးရမိ

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နောင်မွန်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၂၄၀၀ ကျော်ဖိုးနှင့် တူမီးသေနတ်တစ်လက် ဖမ်းဆီးရမိ
Published 23 June 2018

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နောင်မွန်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါး သိန်း ၂၄၀၀ ကျော်ဖိုးနှင့် တူမီးသေနတ်တစ်လက်ကို ဇွန် ၂၂ ရက် နံနက်ပိုင်းက လယ်တဲတစ်ခုမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်နယ် မှုခင်းနှိမ်နင်းရေးအကူဌာနစိတ်မှ ရဲအုပ်အောင်ဆန်းဝင်း ဦးစီး တပ်ဖွဲ့ဝင်များနှင့် လုံတုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ နန့်မွန်းကျေးရွာအနီး ဆင်ခေါင်းတောင်ခြေရှိ ဦးမောင်ပွား (၅၆ နှစ်) ၏ လယ်တဲသို့ ဝင်ရောက်ရှာဖွေရာ ဦးမောင်ပွား ကိုင်ဆောင်သည့် အရှည်လေးပေရှိ သစ်သားကိုယ်ထည် တူမီးသေနတ်တစ်လက်၊ ကြပ်ခိုးစင်ပေါ်မှ ပီနန်အိတ်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁၁ ဂရမ်စီပါ ၁၆၅ ခွက် (စုစုပေါင်း အလေးချိန် ၁၈၁၅ ဂရမ်) ခန့်မှန်းတန်ဖိုး ကျပ် ၁၂၇၀၅၀၀၀၀ ကိုလည်းကောင်း၊ တဲနံဘေး ကောက်ရိုးပုံအတွင်းမှ ၈၈-၁ စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၀ စီပါ အထုပ် ၂၀၀ (စုစုပေါင်းဆေးပြား ၃၈၀၀၀ ပြား) ခန့်မှန်း တန်ဖိုး ကျပ် ၁၁၄၀၀၀၀၀၀ ကိုလည်းကောင်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်မှုအရ အဆိုပါမူးယစ် ဆေးဝါးများမှာ နန့်မွန်းကျေးရွာနေ သမီး အရင်း ဖြစ်သူ ဒေါ်ချိုချိုဝင်းက အပ်နှံထားသည့် ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ  ဦးမောင်ပွား ၊ ဇနီးဖြစ်သူ ဒေါ်ခင်ဌေးနှင့်  ဒေါ်ချိုချိုဝင်း (ဖမ်းမမိသေး) တို့ကို လုံတုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးမှုဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ထို့ပြင် ဇွန် ၂၂ ရက်မှာပင်  ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့မှ ကချင်ပြည်နယ်သို့ ပို့မည့် သိန်းပေါင်း ၉၀၀၀ နီးပါးတန်ဖိုးရှိ  မူးယစ်ဆေးဝါးများကိုလည်း နောင်ချိုမြို့အဝင် ဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent