ဘင်္ဂါလီမွတ်စလင်ကိစ္စ တရားစီရင်ရေးနှင့်ပတ်သက်၍ ဇူလိုင် ၂၇ ရက် နောက် ဆုံးထားအကြောင်းပြန်ရန် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) က မြန်မာနိုင်ငံကို တောင်းဆို

ဘင်္ဂါလီမွတ်စလင်ကိစ္စ တရားစီရင်ရေးနှင့်ပတ်သက်၍ ဇူလိုင် ၂၇ ရက် နောက် ဆုံးထားအကြောင်းပြန်ရန် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) က မြန်မာနိုင်ငံကို တောင်းဆို
Published 23 June 2018

 

၂၀၁၄ ခုနှစ် နိုဝင်ဘာ ၄ ရက်က ICC တရားစွဲဆိုရေး အကြီးအကဲ ဖာတူးဘင်ဆူဒါ တန်ဇန်းနီးယားနိုင်ငံ အရူရှာမြို့သို့ လာရောက်စဉ် ဂျာနယ်လစ်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားနေစဉ် (Photo – AFP)

အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) မှ တရားသူကြီးများက ဘင်္ဂါလီမွတ်စလင်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအဓမ္မ မောင်းထုတ်ခဲ့သည်ဟု စွပ်စွဲထားမှုအား ၎င်းတို့အနေဖြင့် ကြားနာစစ်ဆေးရန် စဉ်းစားနေသည့် တရားစွဲဆိုမှုဆိုင်ရာ တောင်းဆိုမှုတစ်ရပ်အား တုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံအား  နောက်ဆုံးရက် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက်တစ်ရပ်၌ ICC တရားသူကြီးများက စွပ်စွဲထားသော ပြစ်မှုများနှင့်ပတ်သက်၍  ICC အနေဖြင့် တရားစီရင်ရေးကို ဆောင်ရွက်သင့်ပါသလားဟူသည့် ဧပြီလက ပေးပို့ထားသော တောင်းဆိုချက်ကို ဇူလိုင် ၂၇ ရက် နောက်ဆုံးထား၍ အကြောင်းပြန်ရန် မြန်မာနိုင်ငံအား တောင်းဆိုထားသည်။

ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ခန့်သည်  ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဆောင်ရွက်ခဲ့သည့် တပ်မတော်စစ်ဆင်ရေးတစ်ရပ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး ကုလသမဂ္ဂက ယင်းကို လူမျိုးစုလိုက် သုတ်သင်မှုဟု ခေါ်ဆိုခဲ့သည်။

“အတင်းအဓမ္မမောင်းထုတ်ခဲ့မှုဟာ မြန်မာနိုင်ငံပိုင်နက်မှာအစပြုတယ်လို့ စွပ်စွဲထားမှုကို စဉ်းစားရင် ခုံရုံးအနေနဲ့ တရားစွဲဆိုသူရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ကျွမ်းကျင်ပြည့်စုံတဲ့ မြန်မာအာဏာပိုင်တွေဆီကနေ စူးစမ်းလေ့လာထားချက်တွေကို ရရှိဖို့ကြိုးပမ်းတာ သင့်တော်မှန်ကန်တယ်လို့ ယူဆပါတယ်” ဟု ICC ၏ ဆုံးဖြတ်ချက်၌ ပြောကြားထားသည်။

မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံမဟုတ်သောကြောင့် ကမ္ဘာ့ပထမဆုံး စစ်ရာဇဝတ်မှုများဆိုင်ရာ အမြဲတမ်းတရားရုံးသည် မြန်မာနိုင်ငံ၌ အလိုအလျောက် တရားစီရင်ခွင့် မရှိပေ။ သို့သော် တရားစွဲဆိုသူက ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) အရေး နှင့် ICC အဖွဲ့ဝင်နိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်လျှောက် နှိပ်ကွပ်မှု ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိမှုတို့ကို ပြန်လည်သုံးသပ်ရန် တရားရုံးကို တောင်းဆိုထားသည်။

တရားစွဲဆိုသူ ဖာတူးဘင်ဆူဒါက အတင်းအဓမ္မမောင်းထုတ်မှုသည် နယ်စပ်ကို ဖြတ်ကျော်ဖြစ်ပွားသည့် သဘောရှိသောကြောင့် ICC ၏ တရားစီရင်မှုသည် ချမှတ်ထားသည့် ဥပဒေရေးရာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီလိမ့်မည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားသည်။ သို့သော် အတင်းအဓမ္မ မောင်းထုတ်မှုနှင့်ပတ်သက်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ICC ၏ တရားစီရင်ပိုင်ခွင့် အကန့်အသတ်များကိုမူ ဘင်ဆူဒါ အနေဖြင့် ရေရေရာရာ သိရှိခြင်း မရှိပေ။

ICC တရားသူကြီးများက တရားစီရင်ရေးကိစ္စနှင့် ဘင်္ဂါလီမွတ်စလင်များ နယ်စပ်ကို ဖြတ်ကျော်ခဲ့မှုနှင့်ပတ်သက်သော အနေအထားများကို ပြန်လည်တုံ့ပြန်ရန် မြန်မာနိုင်ငံအား တောင်းဆိုထားခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မေ ၂၃ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ဒုတိယ တစ်နှစ်သက်တမ်းအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းစဉ် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ်က “နိုင်ငံတကာ သဘောတူညီချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ချမှတ်ထားတာ ရှိတယ်။ အဖွဲ့ဝင်နိုင်ငံတွေပေါ်မှာ သက်ရောက်မှု ရှိတယ်။ နိုင်ငံတစ်နိုင်ငံက နိုင်ငံတကာ သဘောတူညီချက်ကို လိုက်နာဖို့ဆိုရင် နှစ်ဆင့်လုပ်ရတယ်။ Register လုပ်ရတယ်။ လက်မှတ်ထိုးရတယ်။ အဲဒါပြီးမှ အသက်ဝင်တာ။ လက်မှတ်မထိုးတဲ့ နိုင်ငံတွေကိုရော အသက်ဝင်လားဆိုတော့ မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံလည်း မဟုတ်ဘူး။ မြန်မာနိုင်ငံထဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဒုက္ခသည်တွေ ဝင်နေတယ်ဆိုရင် ကမ္ဘာမှာ ဆီးရီးယားနိုင်ငံတို့၊ ကင်ညာနိုင်ငံတို့မှာ ဖြစ်ခဲ့ဖူးတယ်။ အဲဒီနိုင်ငံတွေကိုရော ICC ကို ပို့ခဲ့ဖူးလား။ မပို့ခဲ့ဖူးပါဘူး။ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ နိုင်ငံတောင် အဲဒီလိုကိစ္စမျိုးမှာ အရေးယူမှု မရှိခဲ့ဘူး။ မြန်မာနိုင်ငံကို လာလုပ်ရင် လက်မခံဘူး။ နောက်တစ်ချက်က နိုင်ငံတကာ သဘောတူညီချက်တွေအရ ရှင်းရမယ်ဆိုရင် မြန်မာနိုင်ငံက ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ဘူး။ အဲဒီတော့ ICC သည် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုမရှိဘူး။ မရှိတဲ့အတွက် ဖြစ်လာတာက ဘာလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ICC အဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ တင်မှာပဲ။ တင်ရင် ICC မှာက တရားသူကြီး သုံးယောက်ထိုင်တယ်။ ဒီမှာကို ICC က စစ်ဆေးသင့် မသင့်ဆိုတာ သူတို့ကို ဆုံးဖြတ်မယ်။ လက်ခံလား၊ လက်မခံဘူးလား။ လက်ခံတယ်ဆိုရင် ကော်မတီတစ်ရပ် ဖွဲ့မယ်ပေါ့။ ကမ္ဘာမှာ ICC က အရေးယူခဲ့တဲ့ ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် အဖွဲ့ဝင် နိုင်ငံမဟုတ်ဘူး၊ အဲဒီနိုင်ငံအစိုးရက လက်ခံတယ်ဆိုရင် လုပ်လို့ရတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့်  ICC တွင် လက်မှတ်ထိုးထားသည့် နိုင်ငံမဟုတ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတွင် သက်ဆိုင်ရာ စာချုပ်ဝင်နိုင်ငံက လက်မှတ် ထိုးသည့်အပြင် အတည်ပြုထားမှ ယင်းနိုင်ငံအပေါ် စာချုပ်၏ သဘောတူညီချက် သက်ရောက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင် မဟုတ်သည့်အပြင် လက်မှတ်ထိုးထားခြင်းလည်း မရှိကြောင်း၊ ဝင်မထားကြောင်း၊ အဖွဲ့ဝင် မထားသည့်အတွက်  ICC က မြန်မာနိုင်ငံကို အရေးယူ၍မရကြောင်း၊ အခြားဒုက္ခသည် ပြဿနာ (Refugee Crisis) ဖြစ်သည့် နိုင်ငံများတွင်လည်း  ICC မတင်ခဲ့ဘဲ မြန်မာနိုင်ငံကျမှ ဘင်္ဂလားဒေ့ရှ်က ICC အဖွဲ့ဝင်ဖြစ်၍ ICC တင်၍ ရမလားဆိုသည်မှာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်း၌ ICC ရာဇဝင်တွင် တစ်ခါမျှမရှိခဲ့ကြောင်း၊ မရှိဖူးခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။

Most Read

Most Recent