NLD ပါတီ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ယနေ့ စတင်ပြုလုပ်မည်

NLD ပါတီ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ယနေ့ စတင်ပြုလုပ်မည်
Published 23 June 2018

ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကျင်းပရန် MCC ခန်းမ၌ ပြင်ဆင်နေမှုများကို ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Lin War)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ယနေ့ (ဇွန် ၂၃ ရက်) တွင် စတင်ပြုလုပ်မည် ဖြစ်သည်။

အဆိုပါညီလာခံကို ၂၄ ရက်ထိ ရန်ကုန်မြို့ရှိ Myanmar Convention Center တွင် ပြုလုပ်မည်ဖြစ်ပြီး ညီလာခံကိုယ်စားလှယ် ၁၂၀၀ ခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ပါတီညီလာခံတက်ရောက်မည့် ကိုယ်စားလှယ်များရွေးချယ်ခြင်းကို ခရိုင်၊ မြို့နယ်၊ တိုင်းသို့မဟုတ်  ပြည်နယ်အလိုက် အသီးသီး ရွေးချယ်ဆောင်ရွက်ခဲ့ကာပါတီ၏ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့များက စိစစ်ရွေးချယ်ခဲ့ပြီး  မြို့နယ်၊ ခရိုင်၊ တိုင်းကိုယ်စားလှယ်ရွေးချယ်ရေး ကြီးကြပ်မှုကော်မတီများက ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ညီလာခံတွင် ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ မူဝါဒများ ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ပြီး ပါတီဗဟိုကော်မတီဝင်နှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်အရေအတွက် ထပ်မံတိုးချဲ့ ဖွဲ့စည်းနိုင်ရေးအတွက် အတည်ပြုဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုကော်မတီတွင် အဖွဲ့ဝင်သစ်များ တိုးချဲ့ဖွဲ့စည်းရန် ရွေးချယ်ရမည့်လူစာရင်းကို ညီလာခံသို့ စာအိတ်ပိတ်ပြီး ပို့ထားသည်ဟု ဇွန် ၂၂ ရက်က Facebook လူမှုကွန်ရက်တွင် ကောလာဟလ သတင်းထွက်ပေါ်ခဲ့သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ပါတီပြောရေးဆိုခွင့်ရှိသူထံ ညနေ ၆ နာရီထိ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ လုပ်ငန်းများမအား မလပ်ဖြစ်နေကြောင်း မက်ဆေ့ပို့ပြီး ပြန်လည်အကြောင်းကြားခဲ့သည်။

ဇွန် ၂၂ရက်က NLD  ရုံးချုပ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးပြုလုပ်ပြီး ဒုတိယအကြိမ် နိုင်ငံရေးလုံးဆိုင်ရာ ပါတီညီလာခံကျင်းပရေးအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးဆောင်တာဝန်ယူရမည့် လုပ်ငန်းစဉ်များနှင့် ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အစီရင်ခံစာတင်သွင်းမည့် နိုင်ငံရေးနှင့်စည်းရုံးရေး စာတမ်းများအပြီးသတ်ပြုစုရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ပါတီက သတင်းထုတ်ပြန်ခဲ့သည်။

ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာညီလာခံ အခမ်းအနားကျင်းပရေးကော်မတီကို  ဥက္ကဋ္ဌအဖြစ် ဦးသိန်းဦးနှင့် အဖွဲ့ဝင်ခုနှစ်ဦး၊ အတွင်းရေးမှူးတစ်ဦး စုစုပေါင်း ကိုးဦးပါဝင်ပြီး  မေ ၂၈ရက်တွင် ဖွဲ့စည်းခဲ့သည်။

NLD ပါတီ၏ ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ၂၀၁၃ ခုနှစ် မတ်လတွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ညီလာခံကို ငါးနှစ်ကြာပြီးမှ ပြန်လည်ပြုလုပ်နိုင်ခြင်း ဖြစ်သည်။

Most Read

Most Recent