ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသော Nyunt Wai Mg (Bagominthar) အကောင့်ပိုင်ရှင်ဟု သံသယရှိသူများအား ခေါ်ယူစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသော Nyunt Wai Mg (Bagominthar) အကောင့်ပိုင်ရှင်ဟု သံသယရှိသူများအား ခေါ်ယူစစ်ဆေး
Published 23 June 2018

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား Facebook တွင် ဂုဏ်သိက္ခာထိခိုက်စေသော စာသားများ ရေးသားသည်ဟုဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်အမှုဖွင့်ခံထားရသော Nyunt Wai Mg (Bagominthar)  အကောင့်ပိုင်ရှင်ဟု သံသယရှိသူများအနက် ခြောက်ဦးကို ဇွန် ၂၂ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့မရဲစခန်းတွင် ခေါ်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့် က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ဦးစီးအရာရှိ  ဦးဥက္ကာသန်း (ဘ) ဦးကြည်သန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ လူမှုကွန်ရက် Facbook အသုံးပြုနေစဉ် Nyunt Wai Mg (Bagominthar)  အကောင့်ပိုင်ရှင်က “ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် တိုင်းဒေသကြီး ဝန်ကြီးအချို့နှင့် ပဲခူးစည်ပင်ကော်မတီဝင် တစ်ဦး အဂတိလိုက်စားမှုအချက်အလက်များအား အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်သို့တိုင်ကြားရန် ပဲခူးမြို့ခံပြည်သူတချို့ ပြင်ဆင်နေကြောင်းသိရ ခေါင်းစဉ်ဖြင့် ယခင်ပြုတ်သွားတဲ့ သစ်တောဝန်ကြီး ကျော်မင်းဇံရဲ့ သစ်ကိစ္စလာဘ်စားမှု အချက်အလက်များ၊ ပြုတ်သွားတဲ့ ပဲခူးစည်ပင်ဝန်ကြီး မောင်မောင်လွင်ရဲ့ တင်ဒါကိစ္စလာဘ်စားမှုအချက်အလက်များ၊ ဒီရက်ပိုင်းမှာဖြစ်သွားတဲ့  ပဲခူးမြို့နယ်စည်ပင်ဌာနက လာဘ်ပေးတဲ့ငွေကြေးအပေါ် ပဲခူးစည်ကော်သုံးဦးထဲက ဦးအောင်ခင်နှင့် ဒေါ်မြင့်မြင့်ဝေက ငြင်းပယ်ခဲ့ သော်လည်း ကျန်တဲ့ စည်ကော်တစ်ဦးက လက်ခံရယူခဲ့တဲ့ကိစ္စ၊ ပဲခူးစီမံကိန်းဝန်ကြီး ဦးညွန့်ရွှေ (ဖလေး) ရဲ့တစ်ဖက်လှည့်နဲ့ ရယူပိုင်ဆိုင်လိုက်တဲ့ စက်ရုံစီမံကိန်းများ၊ ဦးညွန့်ရွှေက ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှာတင်တဲ့ ၎င်း၏ ပိုင်ဆိုင်မှု သိန်း ၂၀၀ ထက် ဆယ်ဆခန့်ကျော်နေသော ကဝမြို့နယ်၊ ကျားတတ်ကျေးရွာနှင့် ကဝမြို့ရှောင်လမ်းဘေးနားက ဦးညွန့်ရွှေရဲ့ စီးပွားရေးဖြစ်တဲ့ ယက္ကန်းစက်ရုံနှစ်ရုံကိစ္စ၊ ပဲခူးတိုင်းဝန်ကြီးချုပ်ရဲ့ပဲခူးမြို့က အိမ်သစ်ကြီး ကိစ္စနှင့် ဝန်ကြီးချုပ်ဦးဝင်းသိန်းက သူ့အစ်ကို ဖြစ်တဲ့ ဦးဌေးလွင်အမည်နှင့် ပြည်ခရိုင်ထွေအုပ်။ ပြည်မြို့နယ်ထွေအုပ်။ ပန်းတောင်းမြို့နယ်ထွေအုပ်တို့နှင့် ပေါင်းပြီး ဧရာဝတီမြစ်ထဲက ကျောက်စရစ်ထုတ်ယူခြင်း၊ လုပ်ကွက်ကြီး သုံးခုနှင့်ပတ်သက်တဲ့ အချက်အလက်များ၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့အနီးကပ်နေသူ သူ့မိတ်ဆွေဦးတင်မောင်နိုင် (မုဒိတာ ဖောင်ဒေးရှင်း) တို့နှစ်ယောက် စပ်တူတည်ဆောက်လုပ်ကိုင်နေတဲ့ ပဲခူးအထွက် ကလိကျေးရွာနားက ဘိလပ်မြေဖျော်စပ်စက်ရုံလုပ်ငန်းရဲ့ရင်းနှီးမှုအချက်အလက်များ၊ ဝန်ကြီးချုပ်ရဲ့အစ်ကို ဦးဌေးလွင်ကိုမှီပြီး ဧရာဝတီမြစ်ထဲမှာ ကျောက်စရစ်လုပ်ကွက်တွေကို တစ်ဖက်လှည့်ရယူထားကြတဲ့ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူးတို့ရဲ့ အဂတိအရှုပ်အထုတ်များ ဒီလိုတွေ ဒါမျိုးတွေ ပဲခူးတိုင်းအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ် ဦးဝင်းသိန်း ကနေစပြီး အသားထဲက လောက်ထွက်ကုန်ကြတဲ့ကိစ္စတွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တင်ပြတိုင်ကြားသွားမည့်အကြောင်း သတင်းထွက်လာခဲ့ပါပြီ”ဟု ဂုဏ်သိက္ခာ ညှိုးနွမ်းထိခိုက်စေရန် ဖော်ပြရေးသား ဖြန့်ဝေသည်ဟုဆိုကာ ဦးဥက္ကာသန်းအား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ရန် ညွှန်ကြားသဖြင့် ဦးဥက္ကာသန်း (ဦးစီးအရာရှိ) က တရားလိုပြုလုပ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများကို မဟုတ်မမှန်လုပ်ကြံရေးသားသော  Nyunt Wai Mg (Bagominthar) အကောင့် အား ပဲခူးမြို့မရဲစခန်းတွင် မေ ၁၅ ရက်ညနေ ၅ နာရီခန့်က (ပ) ၁၀၂၁/၂၀၁၈ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ပြီး  Nyunt Wai Mg (Bagominthar) အကောင့် ပိုင်ရှင်ဟု သံသယရှိသူများကို ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စက မဖြစ်သင့်တဲ့ကိစ္စပဲ။ အမှန်ဆို တိုက်ရိုက်တရားစွဲရမှာမဟုတ်ဘဲနဲ့ ခံရတဲ့သူတွေအတွက် အများကြီးနစ်နာတယ်။ ကိုယ့်ကိစ္စကို ရှင်းရဲလို့ နာမည်အရင်းနဲ့အကောင့်အစစ်ပဲ သုံးပါတယ်။ သူတို့သံသယရှိတာက အ ယောက် ၃၀ လောက်ရှိတယ်။ ဒီနေ့ မနက် ၁၁ နာရီလောက် သုံးယောက်စစ်တယ်။ မွန်းလွဲ ၂ နာရီလောက် သုံးယောက်စစ်တယ်။ အားလုံး ဒီနေ့ ခြောက်ယောက်စစ်တယ်။ နောက်ထပ်လည်း စစ်ဦးမယ်လို့ပြောတယ်။အခုတော့ အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေလုပ်ရပ်က အများရယ်စရာလိုဖြစ်နေတယ်။ အထင်ခံရတဲ့သူတွေအတွက် အများကြီးနစ်နာမှုတွေ ရှိနေပါတယ်”ဟု မီဒီယာသမားတစ်ဦးဖြစ်သူ ကိုသန်းဝင်းနိုင်က ပြောကြားသည်။

Most Read

Most Recent