အင်းစိန်၊ မြစ်ကြီးနား၊ လားရှိုးနှင့် မန္တလေးအကျဉ်းထောင်တို့တွင် လိုအပ်သော ကျန်းမာရေး အခြေခံအဆောက်အအုံတည်ဆောက်ပြင်ဆင်ခြင်းများ ဆောင်ရွက်မည်

အင်းစိန်၊ မြစ်ကြီးနား၊ လားရှိုးနှင့် မန္တလေးအကျဉ်းထောင်တို့တွင် လိုအပ်သော ကျန်းမာရေး အခြေခံအဆောက်အအုံတည်ဆောက်ပြင်ဆင်ခြင်းများ ဆောင်ရွက်မည်
Published 23 June 2018

အင်းစိန်၊ မြစ်ကြီးနား၊ လားရှိုးနှင့် မန္တလေး အကျဉ်းထောင်တို့တွင် လိုအပ်သော ကျန်းမာရေးအခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့်ပြန်လည်ပြင်ဆင်ခြင်းများကို ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေအဖွဲ့က ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

3MDG သည်အဆိုပါအကျဉ်းထောင်များတွင် ကျန်းမာရေးအခြေခံအဆောက်အအုံများ တည်ဆောက်ရေးနှင့် အင်းစိန်ထောင်တွင် ဓာတ်ခွဲခန်း တိုးချဲ့ပြင်ဆင်ခြင်းအတွက် ရန်ပုံငွေပံ့ပိုးပေးမည်ဖြစ်ကြောင်း နှင့် အဆိုပါအဆောက်အအုံများသည် အကျဉ်းသားများနှင့် အကျဉ်းထောင်ဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုရရှိနိုင်ရန် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အကျဉ်းထောင်စနစ် တွင် လူ့စွမ်းအားအရင်းအမြစ်လိုအပ်မှုနှင့် အခြေခံအဆောက်အအုံလိုအပ်ချက်များရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များ ကြီးမားနေကာဖြေရှင်းဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ အကျဉ်းထောင်များနှင့်ရဲဘက်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရန် 3MDG သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမျိုးသားခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံကိန်း၊ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာန၏ အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်း၍ UNODC, UNAIDS, WHO နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လက်ရှိ လားရှိုးအကျဉ်းထောင်တွင် တည်ဆောက်လျက်ရှိသော ဆေးခန်းမှာ ၂၀၁၈ ခုနှစ် ဇွန်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားပြီး အဆိုပါ ကျန်းမာရေးအခြေခံ အဆောက်အအုံများကို အမျိုးသား၊ အမျိုးသမီး သီးသန့်ဆောက်လုပ်မည်ဖြစ်ပြီး စီမံခန့်ခွဲရေး ရုံးခန်းလည်း ပါဝင်မည်ဖြစ်ကြောင်း၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၏ ဦးဆောင်မှုဖြင့် အင်းစိန်နှင့်မန္တလေးအကျဉ်းထောင်တို့တွင် တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယင်းသို့ဆောင်ရွက်ရန် အခြေခံအဆောက်အအုံ မြှင့်တင်ခြင်းလုပ်ငန်းများမှာလည်း ဦးစားပေး အစီအစဉ်၌ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် 3MDG သည် ကချင်ပြည်နယ် ဗန်းမော်မြို့အကျဉ်းထောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အကျဉ်းထောင်ရှိ အကျဉ်းသား ၃၅၀၀ ခန့်နှင့် ရဲဘက်စခန်း နှစ်ခုရှိ အကျဉ်းသား ၂၀၀ ခန့်အတွက် သက် ဆိုင်ရာကျန်းမာရေးအဖွဲ့အစည်းများနှင့် လက်တွဲ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် 3MDG အဖွဲ့ကို ရန်ပုံငွေပံ့ပိုးပေးလျက်ရှိကြောင်း၊ ၎င်းလုပ်ငန်းများကို ရှေ့ပြေး စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ပြီး အစိုးရ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အ၀ လွှမ်းခြုံနိုင်ရန် ကြိုးစားနေဆဲအချိန်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများနှင့် လက်တွဲ၍ ယာယီဖြည့်ဆည်း ဆောင်ရွက်ပေး နေခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံ၏ ထိခိုက်အလွယ်ဆုံးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများမှ အလှမ်းဝေးကွာနေသောသူများတွင် မြန်မာနိုင်ငံ အကျဉ်းထောင်များရှိ အကျဉ်းသားများ ပါဝင်ပြီး  အရည်အသွေးပြည့်ဝသော ကျန်းမာရေး   စောင့်ရှောက်မှု မရရှိကြခြင်းကြောင့် အကျဉ်းသားများအတွက် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အကျဉ်းထောင်အတွင်း လိုအပ်နေသော ကျန်းမာရေး အခြေခံအဆောက်အအုံလေးခု တည်ဆောက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း 3MDG ရန်ပုံငွေအဖွဲ့မှ သိရသည်။

Most Read

Most Recent