ကျော်စောသတင်းရရှိပါက တိုင်ကြားသူမရှိသော်လည်း စုံစမ်းစစ်ဆေးခွင့်ရှိသည့်အချက် အပါအဝင် ဝန်ကြီးများ အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ် ချမှတ်နိုင်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း

ကျော်စောသတင်းရရှိပါက တိုင်ကြားသူမရှိသော်လည်း စုံစမ်းစစ်ဆေးခွင့်ရှိသည့်အချက် အပါအဝင် ဝန်ကြီးများ အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ် ချမှတ်နိုင်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်း
Published 23 June 2018

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဇွန် ၉ ရက်တွင် နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

ကျော်စောသတင်းရရှိပါက တိုင်ကြားသူမရှိသော်လည်း ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးခွင့်ရှိသည့် အချက်အပါအဝင် ဝန်ကြီး၊ ဒုတိယဝန်ကြီးများ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်ချမှတ်နိုင်မည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင် ဆင်သည့်ဥပဒေကို နိုင်ငံတော်သမ္မတက ဇွန် ၂၁ ရက်တွင် လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအား  ဇွန် ၂၂ ရက်တွင် နိုင်ငံတော် သမ္မတရုံး ဝက်ဘ်ဆိုက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေကို မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မေ ၃ ရက်တွင် အမျိုးသားလွှတ်တော်၌ စတင်သွင်းခဲ့ပြီး လွှတ်တော်အသီးသီး ၏ ဆွေးနွေးအတည်ပြုမှုများအပြီး ဇွန် ၂၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

ယခုပြဋ္ဌာန်းခဲ့သည့် ဥပဒေတွင် “ကျော်စောသတင်းဆိုသည်မှာ အများပြည်သူအတွင်း ပျံ့နှံ့နေသော သတင်းတစ်ရပ်ရပ်တွင် သူတစ်ဦးဦးသည် အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ဤဥပဒေအရ ပြစ်မှုကျူးလွန်မှုရှိကြောင်း သင်္ကာမကင်းဖွယ်ရာဖြစ်ခြင်းအတွက် ခိုင်လုံသည့် အထောက်အထားရှိနိုင်သည်ဟု ကော်မရှင်က ယုံကြည်ရန်အကြောင်း ပေါ်ပေါက်သော သတင်းကိုဆိုသည်” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

အဂတိလိုက်စားမှုရှိကြောင်း ကျော်စောသတင်းတစ်ရပ်ရပ်ကို ကော်မရှင်သည် သတင်းပေးပို့ချက်အဖြစ် သတ်မှတ်နိုင်သည်ဟုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

ထို့ပြင် ဥပဒေတွင် “နိုင်ငံရေးရာထူး လက်ရှိဖြစ်သူဆိုသည်မှာ ဒုတိယဝန်ကြီး သို့မဟုတ် ယင်းနှင့်အလားတူ အဆင့်ရှိသူနှင့် အထက်နိုင်ငံရေးရာထူးလက်ရှိ ဖြစ်သူကို ဆိုသည်” ဟုလည်း ပြဋ္ဌာန်းထားသည်။

နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့်ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

ထို့အတူ ဥပဒေတွင် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထို သူကို ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ထည့်သွင်းပြဋ္ဌာန်းထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပြင်ဆင်ပြီးပါက အဂတိလိုက်စားမှုများအားပို၍ ထိထိရောက်ရောက် အရေးယူနိုင်မည်ဖြစ်ပြီး အစိုးရက လုပ်ပိုင်ခွင့်ပေးထားသူများအား ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်ရန် ထိန်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။

ထို့ပြင် လုပ်ငန်း၊ စီမံကိန်းများကို ဖော်ထုတ်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် စည်းမျဉ်းစည်းကမ်းများ ချထားကြောင်း၊ တင်ဒါစနစ်မှာ အရေးကြီးကြောင်း၊ အဂတိလိုက်စားမှုများသည် တင်ဒါကိစ္စနှင့်ပတ်သက်၍ များစွာဆက်နွှယ်နေသည်ဟု ကြားရကြောင်းလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုထားသည်။

Most Read

Most Recent